စစ်ကောင်စီတပ်သေဆုံးထိခိုက်များဟု CDF အသိပေး
ချင်းတောင်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို ယနေ့တစ်ရက်တည်း ၁၀ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM-SIYINက အသိပေးထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာသို့ တင့်ကားပါ စစ်ကောင်စီယာဉ်တန်းကို CDF SIYINက ယမန်နေ့(မတ်လ ၁၀ရက်)ကတည်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ထပ်မံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မတ်လ ၁၁ရက် နံနက် ၈နာရီခွဲမှ ညနေ ၄နာရီအထိ ၁၀ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကြောင်း CDF SIYINက ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု အသိပေးထားသည်။

ယမန်နေ့ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ခြောက်ဦး သေဆုံးပြီး ၂၁ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF က ထုတ်ပြန်ခဲ့သော်လည်း လူထုနွေဦးအနေဖြင့်သီးခြားအတည်မပြုချက်မရပေ။

Public Service Announcement
အဆိုပါဒေသ စစ်ဆင်ရေးသို့ ကလေး- ကဘော်- ဂန့်ဂေါ(CDF-KKG) တပ်ရင်း(၇)မှ စစ်ကူလာရောက်သည်ဟု အသိပေးထားသည်။
ကလေး – တီးတိန်လမ်းမကို ပြန်လည်အသုံးပြုနိုင်ကြောင်းနှင့် ပူးပေါင်းကူညီကြသော ခရီးသွားပြည်သူများအပေါ်အထူးကျေးဇူးတင်ကြောင်း CDF SIYINက ထုတ်ပြန်သည်။
စစ်ကောင်စီယာဉ်တန်းသည် ကလေး – ဖလမ်းမှတဆင့် ဟားခါးအထိ ရိက္ခာပို့သွားမည်ဖြစ်ရာ လမ်းခရီးတွင် ချင်းတပ်ဖွဲ့များက တိုက်ခိုက်သွားမည်ဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်နိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားသည်။
(ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM-SIYINမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CDF SIYIN )

















































