စစ်ကိုင်းတိုင်း၊ ရေဦးမှ ခင်ဦးမြို့သို့ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မြို့အဝင်၌မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ထိတွေ့တိုက်ပွဲငယ်ဖြစ်ပွားရာ စစ်အုပ်စုထိခိုက်မှုရှိကြောင်း Royal Tiger Guerilla Force အဖွဲ့ တာဝန်ခံက ပြောသည်။
မတ်လ ၁၂ရက် နံနက် ၈နာရီခန့်က ရေဦးမြို့မှထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြိို့သို့ ထွက်ခွာလာခဲ့သည်။
အဆိုပါစစ်ကြောင်းကို မြို့အ၀င်တစ်နေရာတွင် RTGFနှင့် မြို့ပေါ် UGအဖွဲ့ပူးပေါင်းပြီးရှေ့ထွက်မိုင်း လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း RTGFအဖွဲ့ တာဝန်ခံက ပြောသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး နေရာတွင်လဲကျပြီး ဒဏ်ရာရသူများလည်းရှိကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး PDFရဲဘော်များအထိအခိုက်မရှိဟု အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement
“သူတို့က ရေဦးကထွက်လာတာ။ မြစ်တော်ရွာမှာညအိပ်ပြီးမနက်မှာ ခင်ဦးမြို့ကို ဆက်ထွက်တာ။ မြို့အ၀င်နားမှာ ဖောက်ခွဲတိုက်ခိုက်လိုက်တာ။ မြို့အရှေဘတ်ရွာတွေကိုထိုးနေတာ။ Battleက ၁၅မိနစ်လောက်ဖြစ်သေးတယ်။”ဟု RTGF အဖွဲ့ တာဝန်ခံက ပြောသည်။
လက်ရှိတွင် ယင်းစစ်ကြောင်းသည် ခင်ဦးမြို့ပေါ် ရောက်ရှိနေကြောင်း သိရသည်။
ထို့အပြင် ဒရုန်းနှင့်မောင်းပြန်များဝယ်ယူရန် ရန်ပုံငွေရှာဖွေရေးအစီအစဥ်ပြုလုပ်နေပြီး ပြည်သူ များအနေဖြင့် တိုက်ပွဲများဆက်လက်ဖော်ဆောင်ရန်အတွက် ဝိုင်း၀န်းကူညီပေးရန် Royal Tiger Guerilla Force အဖွဲ့က မေတ္တာရပ်ခံထားသည်။


















































