မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် မှ စဉ့်ကူးမြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မိုင်းအလုံး ၅၀ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ စစ်အုပ်စုဝင် ၂၀ ကျော် သေဆုံးနိုင်ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင်ပ.က.ဖ)ခေါင်းဆောင် ကိုဇီးရိုးဝမ်းက ပြောသည်။
မတ်လ ၁၁ရက် ညနေ ၅နာရီခန့်က ငတတ်အိုင် ကျေးရွာမှ ချောင်းသလဲရွာဘက်သို့ စစ်ကြောင်းထိုးရန်ထွက်လာသော အင်အား၆၀ခန့်ပါ စစ်ကြောင်းအား ငတတ်အိုင်ကျေးရွာ ဇရပ်အနီးအရောက်တွင် ရှေ့ထွက်မိုင်း (၇)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ကိုဇီးရိုးဝမ်းက ပြောသည်။
သို့သော် စစ်ကောင်စီဘက်က မိုင်းဖျက်စက်များတပ်ဆင်ထားမှုကြောင့် ရှေ့ထွက်မိုင်းများမှာ အချိန်မီ မပေါက်ကွဲဘဲ နောက်ကျ၍ ပေါက်ကွဲခဲ့ကြောင်း ၎င်းက ပြောသည်။

မိုင်းကွဲမှုကြောင့် စစ်ကောင်စီတပ်မှာ အနီးဝန်းကျင်ရှိ တောအတွင်း ပြေးဝင်သွားခဲ့ရာ ၎င်းနေရာများသို့ M9 နှစ်လုံး၊ (၄၀)မမ နှစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မတ်လ ၁၂ ရက် နံနက် ၉နာရီခန့်တွင် ရေကြောင်းမှသံခွန်ဖြင့် အင်အား(၅၀)ခန့်သည် ပုဏ္ဏားကြီးရွာ မြစ်ကမ်းစပ်မှ ငတတ်အိုင်သို့ စစ်ကြောင်းထိုးလာခဲ့သည်။

Public Service Announcement
နံနက် ၁၁ နာရီ ၁၄မိနစ်ခန့်တွင် တောင်ခါးပြတ်သို့ရောက်ရှိလာသော စစ်သားများအား မိုင်းအ လုံး(၃၀)ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ခေါင်းဆောင် ကိုဇီးရိုးဝမ်းက ပြောသည်။
ထို့နောက် မွန်းလွဲ ၁နာရီခန့်တွင် ရွှေကျင်ရွာနှင့် ချောင်းသလဲကျေးရွာကြားမှ ဖြတ်ထွက်လာသောစစ်ကြောင်းကိုလည်း ရှေ့ထွက်မိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။
အထိနာသွားသော စစ်သားများအား (၄၀)မမ ဗုံးသီး နှစ်လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု၏ လက်နက်ကြီးအဖွဲ့ထံ ကျရောက်ပြီး ခုနစ်ဦးလဲကျဆွဲထုတ်သွားရသည်ဟု ကိုဇီးရိုးဝမ်းက ဆိုသည်။
ထို့နောက် ဒဏ်ရာရစစ်သားများသည် ညနေ ၄နာရီခန့်တွင် ချောင်းသလဲရွာကိုမီးရှို့ခဲ့သည်။
မီးရှို့နေသော စစ်ကောင်စီတပ်သားများအား ပဒေသာ မိုင်း(၁၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထွက်ပြေးကြသော စစ်သားများအား (၆၀) မမဖြင့် သုံးလုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ်များအတွင်း စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံး၍ ၃၀ခန့်ပြင်းထန်ဒဏ်ရာရရှိကာ PDFရဲဘော်များ အထိခိုက်မရှိဟုဆိုသည်။
“မိုင်းကွင်းကလည်း အတည်ပြုထားရသလောက် တောင်ခါးပြတ်မှာ အဝေးထိန်းနဲ့လှမ်းခွဲလိုက်တာက အကောင်၂၀။ ခေါင်းသလဲရွာထဲကို မီးဝင်ရှို့တဲ့ကောင်တွေကိုခွဲတာက အကောင်၃၀။ ချောင်းအသဲရွာထဲကို အနောက်ဘက်ကပတ်ဝင်ဖို့လာတဲ့ စစ်ကြောင်းကို (၄၀) မမနဲ့ လှမ်းထုတာက စုစုပေါင်း ၅၇၊ သေတာက ၂၇ ဒဏ်ရာရ အတိုအပြတ်က အကောင် ၃၀။ ဒီသတင်းကိုအတည်ပြုပေးတာက ကျွန်တော်ရဲ့ မြေပြင်သတင်းပို့ရဲဘော် ထံကပါ။”ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့ခေါင်းဆောင် ကိုဇီးရိုးဝမ်းက ပြောသည်။
သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေးဦးက သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့အပြင် ထိခိုက်သေဆုံးသူများအား ချောင်းကြီးမှ FAW ကားနှစ်စီးဖြင့် ယမန်နေ့က ခေါ်ဆောင် သွားကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးများကို ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင်ပ.က.ဖ)၊စဉ့်ကူးမြို့နယ်(ပ.က.ဖ) နှင့် Nine PDFတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
