အဆောက်အဦးတစ်လုံးနှင့် ကားတစ်စီး မီးလောင်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ရှိ စစ်အုပ်စုရှိရာ ရဲစခန်းနှင့် အထွထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိပြီး အဆောက်အဦးတစ်လုံးနှင့် ကားတစ်စီးမီးလောင်ခဲ့ကြောင်း Salingyi Special Task Force – SSTFအဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (မတ်လ ၁၃ရက်) မွန်းလွဲ ၁နာရီခန့်က စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသော ပုလဲမြို့ရဲစခန်းနှင့် ထွေအုပ်ရုံးနေရာများအား တိုက်ခိုက် ရေး Fixed Wing Droneများဖြင့် Salingyi Special Task Force – SSTF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၄ ၊ ၁၅)က ဝေဟင်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း SSTF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရဲစခန်းကို ဗုံးသီးသုံးလုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာများ ရရှိနိုင်ကြောင်း၊ စစ်သားနှင့်ရဲများအနေများသည့် ထွေအုပ်ရုံးကိုလည်း ဗုံးသီးသုံးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အဆိုပါ ရုံးဝင်းအတွင်းရှိ စစ်အုပ်စုအမြဲနေလေ့ရှိသော ပြန်ဆက်ရုံးမီးလောင်ခဲ့ကြောင်း SSTF က အသိပေးသည်။

ထို့အပြင် စစ်အုပ်စု၏ ကားတစ်စီးပါ မီးကူးဆက် လောင်၍ မီးသတ်ကားများဖြင့် မီးငြှိမ်းခဲ့သည်ဟု သတင်းရကြောင်း SSTFက ဆိုသည်။

Public Service Announcement
စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများနိုင်ပြီး ၎င်းတို့ဘက်က ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိအခိုက်မရှိဟု SSTFက အသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ SSTF အဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရသေးပေ။
အဆိုပါ စစ်ဆင်ရေးကို Salingyi Special Task Force – SSTF၊ စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF)၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ 001၊ အညာသား ပြောက်ကျားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ CHU PDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
မတ်လ၁၂ရက်ကလည်း ဆားလင်းကြီးမြို့ရဲစခန်းအား တစ်ရက်တည်းနှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများနိုင်ကြောင်း Salingyi Special Task Force – SSTFအဖွဲ့က သတင်းထုတ်ပြန်ထားသည်။


















































