မကွေးတိုင်း မင်းတုန်းမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှစ်ခုကို မဟာမိတ်ညီနောင်များနှင့်ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် PDF တပ်ရင်း (၄)Eagle Forceက ပြောသည်။
ယမန်နေ့ (မတ် ၁၄ရက်) နံနက် ၆နာရီခန့်က မင်းတုန်းမြို့နယ် ပုသိမ် – မုံရွာလမ်းပိုင်းရှိ (၅)မိုင်စစ် ဆေးရေးဂိတ်အား တပ်ရင်း (၄)Eagle Force နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားလက်ရုံးတပ် (S.A.F)တို့ ပူးပေါင်းပြီး (၄၀) မမဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“(၄၀)မမနဲ့ တစ်ကြိမ်ပစ်တာမှာ ပစ်မှတ်ကိုလွဲသွားပါတယ်။ ဒုတိယအကြိမ်ပစ်ဖို့အလုပ်မှာ သူတို့ဘက်က တရစပ်ပြန်ပစ်တာနဲ့ ချက်ချင်းပြန်ဆုတ်ခဲ့ရတယ်”ဟု သရက်ခရိုင် PDF တပ်ရင်း (၄)Eagle Force မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြော သည်။
အလားတူ မင်းတုန်းမြို့ စပါးတန်းကျေးရွာ အထိုင်ချထားသော စစ်တပ်စစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချကာ တပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း (၄)မှ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement
အဆိုပါ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်သား ၁၀ဦးခန့်စီရှိနေပြီး တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုများရှိနိုင်သော်လည်း အခြေနေအသေးစိပ်အား မသိရသေးကြောင်း သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက အသိပေးသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းကလည်း သရက်ခရိုင် တပ်ရင်း (၄)နှင့် မဟာမိတ်တပ်ဖွဲ့များက မင်းတုန်းမြို့နယ်ရှိ (၅)မိုင်စစ်ဆေးရေးဂိတ်အပါအဝင် အလယ်ချောင်းကျေးရွာရှိ စစ်ကောင်စီ နယ်မြေရဲစခန်းတို့ကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။


















































