Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (မတ်လ ၁၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကောင်စီကျူးလွန်နေတဲ့ ရာဇဝတ်မှုများ အမြန်အဆုံးသတ်နိုင်ရေး နိုင်ငံတကာကို NUG၊ KSCCနဲ့ PNFC တို့ တိုက်တွန်း

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစု အားလုံးနဲ့ အမြန်ဆုံးညှိနှိုင်းတိုင်ပင် ကူညီပံ့ပိုးခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံးအပေါ် ကျူးလွန်လျက်ရှိတဲ့ ရာဇဝတ်မှုများကို လျင်မြန်စွာ အဆုံးသတ်နိုင်ရေး အစောတလျင် ဆောင်ရွက်ပေးဖို့ NUG၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တို့က ပူးတွဲတိုက်တွန်းလိုက်ပါတယ်။

ပင်လောင်းမြို့နယ် နမ်းနိန်းရွာမှာ ပြည်သူ ၂၂ ဦးကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်လို့ ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့တာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်ဖို့ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနဲ့ ပစ္စည်းကိရိယာများ၊ ကြိုတင်သတိပေးခြင်း စနစ်ဆိုင်ရာ ပစ္စည်းကိရိယာများကို ထောက်ပံ့ပေးဖို့ တောင်းဆိုပါတယ်။

မြန်မာလူထုအပေါ် စစ်ကောင်စီကျူးလွန်နေသည့်ရာဇဝတ်မှုများအမြန်အဆုံးသတ်နိုင်ရေးကူညီပေးရန် နိုင်ငံ တကာ အား NUG၊KSCCနှင့် PNFC တို့ တိုက်တွန်း
မြန်မာလူထုအပေါ် စစ်ကောင်စီကျူးလွန်နေသည့်ရာဇဝတ်မှုများအမြန်အဆုံးသတ်နိုင်ရေးကူညီပေးရန် နိုင်ငံ တကာ အား NUG၊KSCCနှင့် PNFC တို့ တိုက်တွန်း

▪︎မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်

ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအိုလမ်းမှာ စစ်ကောင်စီတပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မတ်လ ၁၀ ရက်ကစလို့ တစ်ပတ်တာအတွင်း အဲဒီလမ်းပိုင်းမှာ တိုက်ပွဲများဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ စစ်ကောင်စီတပ် ယာဉ်တန်းများက စစ်ကြောင်းပုံစံနဲ့ ထိုးလာလို့ တိုက်ခိုက်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပါတယ်။ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ် အနည်းနဲ့အများထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

(ကချင်လွတ် လပ်ရေးတပ်မတော်(KIA)မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ် လပ်ရေးတပ်မတော်(KIA)မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪︎ဘောလခဲမြို့နယ်တိုက်ပွဲ စစ်တပ်အနည်းဆုံးသုံးဦးသေ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦးသေဆုံးတယ်လို့ ကရင်နီဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းကစလိို့ ဘောလခဲမြို့အထွက် ရေနီပေါက်တံတားအနီး တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီိစစ်ကြောင်း ပြန်ဆုတ်သွားပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံးဦးအထက်သေဆုံးပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်သူမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဒေသခံပြည်သူနှစ်ဦးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

▪︎မတူပီတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ ဦးသေဟု CDF ထုတ်ပြန်

ချင်းပြည်နယ် မတူပီမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ ဦးသေဆုံးခဲ့တယ်လို့ မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က မနေ့ညပိုင်းကထုတ်ပြန်ပါတယ်။ မတ်လ ၁၄ ရက် ညနေပိုင်းက မတူပီ-ပလက်၀လမ်းပေါ်ရှိ ထယ်ဘွေးစခန်းမှ ထွက်လာတဲ့ စစ်ကောင်စီတပ်များကို ၀လံပီနဲ့ ကလားကြား(ကလောင်စိုင်း)မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားပြီး မတူပီ CDFဘက်မှ ထိခိုက်မှုမရှိ ကောင်းမွန်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လိို့ သိိရပါတယ်။

▪︎ဆောနယ် ကျောက်ထုဒေသရောက်နေတဲ့ စစ်ကောင်စီယာဉ်တန်းကို PDFများတိုက်ခိုက်

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုဒေသသို့ ရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီယာဉ်တန်း ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိတယ်လို့ ကျောက်ထု PDFမှတာဝန်ရှိသူက​ပြောပါတယ်။ ပခုက္ကူမြို့မှထွက်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာယာဥ်တန်း အစီး(၈၀)ခန့်နဲ့အတူ အင်အား ၅၀၀ ခန့်ဟာ မတ်လ ၁၂ ရက် ညနေပိုင်းမှာ ကျောက်ထုဒေသ တပြင်းကျေးရွာသို့ ရောက်ရှိခဲ့တာပါ။ မတ်လ ၁၃ ရက် မနက်မှာ တပြင်းရွာမှ ကျောက်ထုဒေသသို့ ထွက်ခွာစဉ် တပြင်းကျေးရွာအနောက်ဘက် တပြင်းပုံညာလမ်းပိုင်းမှာ ပဒေသာမိုင်းကြီး ၆ လုံးတွဲ၊ ကားမိုင်းကြီး ၁ လုံးတို့နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီယာဉ် အစီး ၈၀ပါ ယာဉ်တန်းမှ ယာဉ် ၃၅ စီးမှာ ဒီနေ့ နေ့ခင်းမှာ မင်းတပ်မြို့ဘက်သို့ လက်နက်ကြီးများပစ်ခတ်ကာ ဦးတည်နေတယ်လို့ မင်းတပ်ဒေသခံက ပြောပါတယ်။

(အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား PDF ရဲဘော်များ ပစ်ခတ်တိုက်ခိုက်နေစဉ်)
(အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား PDF ရဲဘော်များ ပစ်ခတ်တိုက်ခိုက်နေစဉ်)

▪︎မုံရွာအကျဥ်းထောင်သစ်နဲ့ အရာတော်နယ်ရှိ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ သာစည်အကျဥ်းထောင်နဲ့ အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ညပိုင်းက မုံရွာမြို့နယ်၊ သာစည်အကျဥ်းထောင်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို (၆၀) မမ ခြောက်လုံး၊ (၁၂၀) မမ နှစ်လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ ဆိုပါတယ်။ မနေ့ မနက်ပိုင်းကလည်း အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများကို (၆ဝ) မမ လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

▪︎ရေဦး-တန့်ဆည်နယ်စပ်မှာစစ်တပ်အထိနာ

စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည်နယ်စပ်မှာ စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီးနောက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ စစ်အုပ်စု အထိအခိုက်များတယ်လို့ ဒေသတွင်း(ပကဖ)အဖွဲ့များက သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက တန့်ဆည်အရှေ့ပိုင်း အက်တောရွာအနီး ကာဘိုးကျေးရွာမှလာတဲ့ စစ်ကောင်စီယာဥ် နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထိနာတဲ့ စစ်ကောင်စီဟာ ပတ်ဝန်းကျင်ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီး တန့်ဆည်မြောက်ပိုင်းရှိ အက်ကြီးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

▪︎ရေစကြို-ချောင်းဦးလမ်းပိုင်း စစ်ကောင်စီစစ်ကြောင်းကို PDFများတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဆင်ဖြူရှင်တံတားမှ တပ်သားအပြောင်းအလဲလုပ်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ ၈ ဦးထက်မနည်းသေဆုံးတယ်လို့ ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ နေ့ခင်းက တပ်သားအပြောင်းအလဲလုပ်ပြီး စာရွက်စာတမ်းများ၊ ပစ္စည်းများအား ဒိုင်နာကားနဲ့သယ်လာပြီး အင်အား ၇၀ ခန့်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ညနေပိုင်းမှာ မအူပန်းခြံအနီး ရထားသံလမ်းကြားအရောက်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်များက နာရီဝက်ခန့်ကြာ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဆက်စပ်သတင်းများ