Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (မတ်လ ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်တပ်ကို အရေးယူဖို့ စစ်တပ်ကျူးလွန်တဲ့ဓာတ်ပုံမှတ်တမ်းအချို့ကိုပြရင်း မြန်မာသံအမတ်ကြီးကုလမှာတောင်းဆို

စစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုမျှသာ မဟုတ်တော့ဘဲ စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အချိတ်အဆက်မိမိ ပြည်သူများကို တိုက်ခိုက်နေခြင်းဖြစ်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။ မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သံအမတ်ကြီးက စစ်တပ်ရဲ့ လူမဆန်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှု ဓာတ်ပုံအချို့ကို ကိုင်မြှောက်ပြရင်း စစ်တပ်မှ အကျိုးခံစားနေတဲ့ ပြစ်ဒဏ်ခတ်ခြင်းမခံရမှုကို အပြီးတိုင်ရပ်တန့်ဖို့နဲ့ ကြီးလေးတဲ့‌ နိုင်ငံတကာပြစ်မှုများအား ကျူးလွန်သူများကို နိုင်ငံတကာရာဇဝတ်တရားရုံးသို့ အမှုတင်သွင်းဖို့ သို့မဟုတ် ယာယီခုံရုံးများ ဖွဲ့စည်းကာပြစ်ဒဏ်ချမှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။နောက်ပြီးစစ်တပ်ရဲ့ ကိုယ်စားပြုမှုနဲ့ အတုအယောင်ရွေးကောက်ပွဲ အစီအစဉ်တို့ကို ပယ်ချဖို့လည်း တိုက်တွန်းပါတယ်။ ဒါ့အပြင် ထိရောက်မှုရှိသော၊ အားလုံးပါဝင်သော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ကာကွယ်ရေး ဆိုင်ရာဌာနများနဲ့ အခြေခံဖွဲ့စည်းတည်ဆောက်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားခုခံတွန်းလှန်ရေးအဖွဲ့အစည်းများ၊ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့ အခြားတာဝန်ရှိသူများနဲ့ ထိတွေ့ဆက်ဆံကာ ပူးပေါင်းပံ့ပိုးပေးဖို့လည် သံအမတ်ကြီးက တောင်းဆိုပါတယ်။

(နမ်းနိန်းကျေးရွာခံများအား အစုလိုက် ၊အပြုံလိုက်သတ်ဖြတ်မှုအပါအဝင် စစ်ကောင်စီတပ်က ကျူးလွန်ခဲ့မှုများအား သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလ၌ တင်ပြနေစဉ်။ ဓာတ်ပုံ - PMUN)
(နမ်းနိန်းကျေးရွာခံများအား အစုလိုက် ၊အပြုံလိုက်သတ်ဖြတ်မှုအပါအဝင် စစ်ကောင်စီတပ်က ကျူးလွန်ခဲ့မှုများအား သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလ၌ တင်ပြနေစဉ်။ ဓာတ်ပုံ – PMUN)

▪︎စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာပြည် ဆိုးရွားပျက်စီးနေဟု ကုလအထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၃ နှစ်ကာလသို့ရောက်ရှိလာချိန်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် နိုင်ငံနဲ့ ပြည်သူများအပေါ် သက်ရောက်မှုမှာ ဆိုးရွားပျက်စီးခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Noeleen Heyzer ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေေကို မနေ့က အထွေထွေညီလာခံမှတဆင့် ရှင်းလင်းအစီရင်ခံခဲ့ပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံမှုမှာ စစ်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာအရေးပေါ်ကာလ သက်တမ်းတိုးခဲ့ပြီး လေကြောင်းဗုံးကြဲခြင်း၊ အရပ်သားနေအိမ်များကို မီးရှို့ခြင်းအပါအဝင် အင်အားသုံးမှု ပိုမိုအရှိန်မြှင့်လာတယ်လို့ ထည့်သွင်းအစီရင်ခံပါတယ်။ စစ်တပ်ဟာ အာဏာကို ဆက်လက်ကိုင်ထားနိုင်ဖို့ အခြား ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်လာတယ်လို့ ကုလအဖွဲ့ဝင်နိုင်ငံများကို Noeleen Heyzer က ရှင်းပြပါတယ်။ စစ်တပ်နှင့် အတိုက်အခံ နှစ်ဖက်စလုံးဟာ အင်အားသုံးတိုက်ခိုက်ခြင်းအပေါ် ဦးတည်နေပြီး စေ့စပ်ညှိနှိုင်းရေးအတွက် အလားအလာမရှိဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ကြေကွဲဝမ်းနည်းဖွယ်ရာများနဲ့ မသေချာမှုများ ရှိနေပေမယ့် နိုင်ငံအတွင်း မကြုံစဖူး စည်းလုံးညီညွတ်မှုများ ရှိနေတယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

▪︎သံလွင်မြစ်အ​ရှေ့ခြမ်း စစ်စခန်းတစ်ခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ကရင်နီပြည်နယ်၊သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က တိုက်ခိုက်သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMIC က ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ညနေပိုင်းက ကရင်နီပြည် သံလွင်အရှေ့ခြမ်းရှိ ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတစ်ခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်သိမ်းဆည်းနိုင်ခဲ့တာလို့ သိရပါတယ်။ စစ်တပ်စခန်းအတွင်း ခလရ(၁၃၅) ရုပ်အလောင်းသုံးလောင်း တွေ့ရှိပြီး လက်နက်မျိုးစုံ (၆)လက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစက်ကြီးတစ်လုံး သိမ်းဆည်းရမိခဲ့ကာ ကျန်စခန်းထိုင် တပ်သားတစ်ချို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်၏ ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတစ်ခုမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KMIC)
(စစ်​ကောင်စီတပ်၏ ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတစ်ခုမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KMIC)

▪︎ဖယ်ခုံတိုက်ပွဲစစ်သား ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ၊ ၉ ရက်ကြာတိုက်ပွဲစစ်သား ၄၅ ဦး​သေဟုဆို

ဖယ်ခုံမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းမှ ရုပ်အလောင်း ၂၀ ကျော်အပါအဝင် လက်နက်ခဲယမ်းများသိမ်းဆည်းရမိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ တာဝန်ရှိသူက ပြောပါတယ်။ မနေ့က ဖယ်ခုံမြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားရာ နေရာများကို နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်သားအလောင်းများနဲ့ လက်နက်ခဲယမ်းများကို ရရှိခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ အချို့ရုပ်အလောင်းများမှာ ဆိုးဆိုးရွားရွားဖြစ်နေပြီး ရုပ်အလောင်းနှစ်လောင်းကို မြှုပ်နှံပေးခဲ့တယ်လို့ KNDF တာ၀န်ရှိသူက ပြောပါတယ်။ KNDF ကထုတ်ပြန်တာမှာ​တော့ မတ်လ ၈ ရက်မှ ၁၆ ရက်အထိ ၉ ရက်ကြာတိုက်ပွဲမှာစစ်သား ၄၅ ​ယောက်​သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

▪︎ဧရာဝတီမြစ်ဘေးကျေးရွာများမှာ တိုက်ပွဲဖြစ်နေလို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ဧရာဝတီမြစ် တစ်ဖက်စီမှာ ရှိတဲ့ စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်နဲ့ ​မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်နေလို့ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံများက ပြောပါတယ်။ မတ်လ ၁၅ ရက်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာ၀တီမြစ်ကမ်းဘေးရှိ ကျေးရွာများကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့ပါတယ်။ မနေ့ကလည်း မတ္တရာနယ်နဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း၊ စစ်ကိုင်းတိုင်း မင်းကွန်းတိုက်နယ်၊ အုန်းသဇင်ကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်များ ဝင်ရောက်လာကာ ဒေသတွင်း PDFများနဲ့ ထပ်မံထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တယ်လို့ Doung Ni Defence Force-Wetlet အဖွဲ့က အသိပေးပါတယ်။

▪︎နမ်းနိန်းရွာသတ်ဖြတ်မှု မိုးနဲအခြေစိုက် ခမရ(၅၁၈)စစ်ကြောင်း လက်ချက်ဟု ရှင်းလင်း

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာခံများကို စစ်ကောင်စီတပ်က အစုလိုက် ၊အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ရာ အဲဒီစစ်ကြောင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အခြေစိုက်ခမရ(၅၁၈)စစ်ကြောင်းဖြစ်တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နဲ့ ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) တာဝန်ရှိသူများက ပြောပါတယ်။ စစ်ကောင်စီတပ်က အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခြင်းနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တာဝန်ရှိသူများကမနေ့က သတင်းစာရှင်းလင်းခဲ့ရာ မြေပြင်သက်သေ၊ ဓာတ်ပုံမှတ်တမ်း သက်သေနဲ့ ဆေးပညာရပ်ဆိုင်ရာ သက်သေများ ဖော်ပြရှင်းလင်းခဲ့ပါတယ်။

▪︎စစ်တပ်စွန့်ပစ်ခဲ့​တဲ့ တပ်ကြပ်ကြီးအ​လောင်းကို ကရင်နီပူး​ပေါင်းတပ် ​ကောင်းမွန်စွာ သဂြိုလ်ပေး

ကရင်နီပြည်နယ် တိုက်ပွဲမှာ အလွယ်တကူ စွန့်ပစ်ထားခဲ့တဲ့ စစ်ကောင်စီမှ တပ်ကြပ်ကြီးရုပ်အလောင်းကို ကရင်နီပူးပေါင်းတပ်များက ကောင်းမွန်စွာသဂြိုလ်ပေးခဲ့တယ်လို့ ကရင်နီပြည်သူ့ရင်ခွင်က ဒီနေ့ ထုတ်ပြန်ပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ (နမ့်ဇန်) အခြေစိုက် ခလရ ၂၄၇ တပ်မှ တပ်ကြပ်ကြီးမင်းခိုင်ရဲ့ ရုပ်အလောင်းကို မနေ့က တွေ့ရှိခဲ့တာပါ။ စွန့်ပစ်ခံခဲ့ရတဲ့ တပ်ကြပ်ကြီးမင်းခိုင် အနေနဲ့ ​နောင်ဘဝမှာ စစ်အာဏာရှင်ဖက်မှ ပြည်သူလူထုကို သတ်တဲ့သူ မဖြစ်ဘဲ တိုင်းပြည်နဲ့ ပြည်သူလူထုကို ကာကွယ်ခွင့်ရသူ ဖြစ်လာစေဖို့ ကရင်နီပြည်သူ့ရင်ခွင်က ဆုမွန်ကောင်း တောင်းထားပါတယ်။

▪︎မင်းကင်းမြို့မှ NLD ပါတီဝင် ညီအစ်ကိုနှစ်ဦးကိုစစ်ကောင်စီက ထောင်ဒဏ်များချမှတ်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် ညီအစ်ကိုနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် တစ်နှစ်ခွဲခန့်အကြာမှာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒေသတွင်း နိုင်ငံရေးနယ်ပယ်နဲ့ လူမှုကူညီရေးလုပ်ငန်းများမှာ လူသိများတဲ့ မင်းကင်းမြို့နယ်မှ NLD ပါတီဝင် ကိုကျော်မင်းထွဋ်နဲ့ ကိုကျော်မင်းအောင်တို့ကို စစ်ကောင်စီက မနေ့က ထောင်ဒဏ်များ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။ ကိုကျော်မင်းထွဋ်ကို ထောင်ဒဏ် ၁၂ နှစ်၊ ကိုကျော်မင်းအောင်ကို ၁၀ နှစ် ချမှတ်ခဲ့တာလို့ မင်းကင်းမြို့ခံတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ