လက်နက် ၁၆လက်ရ၊ တော်လှန်ရေးရဲဘော် တစ်ဦးကျဆုံး နှစ်ဦးဒဏ်ရာရဟု အသိပေး
ကရင်ပြည်နယ် ဒေါနအရှေ့ခြမ်း မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ကန်းညီနောင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်က ယနေ့ သတင်းထုတ်ပြန်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၁ဦး သေဆုံးခဲ့သည်ဟု အသိပေးသည်။
မတ်လ ၂၅ရက်နံနက်က မြဝတီကုန်သွယ်ရေးဇုန် (ခလရ) ၂၇၅၊ လ (၈)၊ သင်္ကန်းညီနောင်ရဲစခန်း၊ သင်္ကန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အားတော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသော Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings စသည့် ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီမှ ၁၁ဦး ကျဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒုရဲမှူး၊တပ်ကြပ်ကြီး၊ တပ်ကြပ်အပါအဝင် ၈ဦးအား စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ပြည့်သူ့တော်လှန်ရေး တပ်ဖွဲ့များမှ ရဲဘော်တစ်ဦး ကျဆုံးကာ နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ဒရုန်း နှစ်စင်းဆုံးရှုံးခဲ့ရ အသိပေးသည်။
ပစ်ခတ်မှုများအပြီးတွင် စစ်ကောင်စီတပ်က နံနက် ၉နာရီမှစ၍ ၁နာရီကြာ ရဟတ်ယာဉ်ဖြင့် ၁၀ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးများလည်း ပစ်ခတ်ခဲ့ရာ နံနက် မှ ည ၁၂ နာရီအထိ အကြိမ် ၅၀ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့အပြင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ AK-Rifle (၇)လက်၊ AK စက်လက် (၁)လက်၊ G3-Rifle (၇)လက်၊ UZI 9mm (၁) လက် နှင့် ကျည်၊ ကျည်ဘောက်များ သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။
ကျပ် ၂၆သိန်းကျော်၊ ထိုင်းဘတ် ၁၂၀၀ကျော်၊ ဖုန်း (၂)လုံး၊ ရွှေဆွဲကြိုး (၁)ကုံး၊ ရွှေလက်ကောက် (၆)ကွင်း၊ ရွှေလက်စွပ် (၁)ကွင်း နှင့် အခြား ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
နှစ်ဖက်တိုက်ပွဲဖြစ်စဥ်အတွင်း အရပ်သား ပြည်သူ သေဆုံးမှုမရှိပဲ လက်နက်ကြီး ကြောင့် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် အရပ်သားပြည်သူပိုင် နေအိမ် ခြောက်လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ထိခိုက် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူပိုင် အိမ်မွေး ဝက်တစ်ကောင် သေဆုံးခဲ့ကြောင်း ဖော်ပြသည်။
အတွင်းမဲကနယ်၊ အပြင်မဲကနယ်နှင့် အပြင်မဲကနယ်မြို့သစ်များတွင် အရပ်သားပြည်သူလူထု အိပ်ခြေ ၃၀၀ကျော်မှ အရပ်သားပြည်သူ တစ်ထောင်ခန့်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး နေရာထိုင်ခင်း၊ အစားအသောက်နှင့် ဆေးဝါး အခက်အခဲပြသနာများ ရှိနေကြောင်း အသိပေးထားသည်။
လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ ပြုလုပ်လျှက်ရှိပြီး ပြည်သူများ ၏ အိုးအိမ် ပစ္စည်းများအား မီးရှို့ဖျက်စီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အတင်း အဓမ္မဖမ်းဆီး ညှင်းပန်း နှိပ်စက်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာများကို နေ့စဉ်နှင့် အမျှ ပြုလုပ်လျှက် ရှိနေကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။
