မကွေးတိုင်း ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲများတပ်စွဲထားသည့်နေရာအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့က ပြောသည်။
ယနေ့ (မတ် ၂၉ ရက်) နံနက် ၁၁နာရီခန့်က ရေစကြိုမြို့ အမှတ်(၁)ရပ်ကွက်၊ ကပ်ကျော်ကျောင်းတိုက်တွင် တပ်စွဲထားသောနေရာအား MBT တပ်ဖွဲ့နှင့် မုံရွာခရိုင် တပ်ရင်း (၁၂)၊ တပ်ခွဲ (၄) မီးတောက်တပ်ခွဲတို့ ပူးပေါင်းပြီးဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကပ်ကျော်ကျောင်းတိုက်ထဲမှာ ရဲတွေချည်းပဲ ၁၂ ယောက်တပ်စွဲထားတာ။ အဲထဲကို ကျွန်တော်တို့ သတင်းပေးချက်အရ ဆံပင်ညှပ်နေတယ်ပြောလို့ မြို့ပေါ်တက်ပြီး ပေါ်တင်ဝင်ဖြဲလိုက်တာပါ “ဟု MBT တပ်ဖွဲ့မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။
အဆိုပါ ကပ်ကျော်ကျောင်းတိုက်အတွင်းမှ ရဲအချို့ ဆံပင်ညှပ်နေစဥ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် ရဲအရာရှိတစ်ဦးသေဆုံးပြီး တစ်ဦးမှာ အရေးပေါ်ကုသမှုခံယူနေရကြောင်း MBT တပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement
ယခု တိုက်ခိုက်မှုကို Myingyan Black Tiger(MBT)၏ အမှတ် (၂)စစ်ဆင်ရေးစခန်းအား စွန့်ခွာခဲ့ရခြင်းအတွက် ဒုတိယအကြိမ်မြောက် သွေးကြွေးတောင်းသော တိုက်ခိုက်ခြင်းဖြစ်သည်ဟု MBTက အသိပေးသည်။
အလားတူ မတ်လ ၂၄ ရက်နှင့် ၂၆ ရက်များတွင်လည်း ရေစကြိုမြို့မရဲစခန်းနှင့် ကပ်ကျော်ကျောင်းမှ စစ်ကောင်စီတပ်တို့အား MBT တပ်ဖွဲ့နှင့်မဟာမိတ်တပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့သေးသည်။


















































