ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်တစ်ဦး နှင့် အမျိုးသမီး သုံးဦး အပါအဝင် အရပ်သား ၉ဦးသေဆုံးခဲ့ရာ ၎င်းတို့ကို ယနေ့ ဧပြီ ၁၁ရက်တွင် သင်္ဂြိုလ်ခဲ့ပြီးဖြစ်ကြောင်းဒေသခံသတင်းဌာနဖြစ်သော The Rihli Voice က ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။

ဧပြီ ၁၀ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်က ဝေဘူလမြို့ရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ခရစ်ယာန်သင်းအုပ်ဆရာတော် တစ်ပါး၊ ကျောင်းအုပ်ဆရာ တစ်ဦး အပါဝင် အရပ်သားပြည်သူ ၉ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့သည်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားသည်။ သေဆုံးခဲ့သူများအနက် အမျိုးသမီး ၃ဦး ၊ ကလေးတစ်ဦး ပါဝင်သည်ကို တွေ့ရသည်။

အဆိုပါ သေဆုံးခဲ့သူ ၉ဦးတို့ကိုယနေ့မနက်ပိုင်းတွင်ခရစ်ယာန်ထုံးတမ်းအစဉ်အလာဖြင့် သင်္ဂြိုလ်ခဲ့ကြောင်း The Rihli Voice က ဖော်ပြသည်။
သေဆုံးသူ များမှာ သိက္ခတော်ရ ဆရာဂျေစောဇာထန်း၊ကျောင်းအုပ်ဆရာကြီး(CDM) ဦးထောင်းဇအုပ် ၊ ကျောင်းအုပ်ဆရာကြီး၏ ဇနီး ဒေါ် ထီးယန်းဆုန်း၊ကျောင်းအုပ်ဆရာကြီး၏ သား အသက် ၁၂နှစ်အရွယ်ရှိ ဆလိုင်း ဗျက်လှယ်ကျဲအို၊ CDM ဆရာမ ဇာနှဲမ် ကိမ်း၊ ဆလိုင်း နာထန်းဟရင်းဆန်း ဆလိုင်း နောအ ဆန်းလျန်း၊ ဒေါ် စောလှယ် ကိမ်း၊CDMစစ်သားကိုချစ်မင်းသူ တို့ဖြစ်သည်ဟုဖော်ပြသည်။

Public Service Announcement


လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူ ၄ဦအနက်၂ဦးသည် ဒဏ်ရာပြင်းထန်သည်ဟုသိရသည်။
စစ်ကောင်စီတပ်သည် မတ်လ ၃၀ရက်ကလည်း ထန်တလန်မြို့နယ် ခွာဖိုရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အမျိုးသမီးများအပါအဝင် အရပ်သား ၉ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူအများအပြားရှိခဲ့သည်။



















































