အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ရဲ့ ဖိတ်ကြားချက်အရ နေပြည်တော်ကို ရုတ်တရက် ရောက်ချလာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ရဲ့ တစ်ညအိပ် နှစ်ရက်ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရဘဲ ပြီးဆုံးသွားပါတယ်။
အဲဒီခရီးစဉ်အတွက် စီစဉ်ခဲ့တာ ကြာပြီဖြစ်ပေမယ့် အကြိမ်ကြိမ် ရွှေ့ဆိုင်းခံထားရတာလို့ ဘန်ကီမွန်းနဲ့ အလုပ်တွဲလုပ်နေတဲ့ သံတမန်ဟောင်းတစ်ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဘန်ကီမွန်းကတောင်းဆိုတယ်လို့ အဲဒီသံတမန်ရဲ့ပြောပြချက်ကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။
ဘန်ကီမွန်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညနေပိုင်းက နေပြည်တော်ကို ကြိုတင်အသိပေးတာမရှိဘဲ တိတ်တဆိတ် ရောက်ချလာတာပါ။
နောက်တစ်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီခေါင်းဆောင် နဲ့ ဘန်ကီမွန်းတို့ တွေ့ဆုံပြီး လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာ့အရေး ကို အမြင်ချင်း ဖလှယ် ဆွေးနွေးကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပါတယ်။

Public Service Announcement
သမ္မတ ဟောင်း ဦးသိန်းစိန်နဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ဘီဘီစီ မြန်မာပိုင်း သတင်းဌာနကို ပြောထားပါတယ်။
ဒါပေမယ့် နေပြည်တော်အချုပ်ထောင်မှာ ထောင်ဒဏ် နှစ် ၃၀ ကျော် မတရားချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်မရခဲ့ဘူးလို့ လည်း သိရပါတယ်။
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရတဲ့ အခြေအနေမျိုးကို ဘန်ကီမွန်း ကုလအထွေထွေအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်နေချိန် ၂၀၀၉ ခုနှစ်အတွင်းမှာ ကြုံခဲ့ဖူးပါတယ်။
၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်မှာ ဘန်ကီမွန်းကို နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးခဲ့ပါဘူး။
နအဖ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နေပြည်တော်မှာ တွေ့ဆုံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ ဘန်ကီမွန်းရဲ့ တောင်းဆိုချက်ဟာ လျစ်လျူရှုခံခဲ့ရပါတယ်။
အဲဒီအစား နအဖ စစ်ခေါင်းဆောင်က ၂၀၁၀ မှာ ကျင်းပမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ်ဆိုတဲ့အကြောင်းပဲ ဆွေးနွေးခဲ့တာပါ။
၁၄ နှစ်အကြာ ဒီတစ်ခေါက် မြန်မာနိုင်ငံ ခရီးစဉ်ကို ဘန်ကီမွန်း ဟာ ကမ္ဘာပေါ်က အများသူငါ လေးစားခံရတဲ့ ခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ ရဲ့ ဒုဥက္ကဋ္ဌ အဖြစ် လာရောက်တာလို့သိရပါတယ်။
ဘန်ကီမွန်းရဲ့ခရီးစဉ်ဟာ တောင်ကိုရီးယားအစိုးရ နဲ့မသက်ဆိုင်ဘဲ The Elders အဖွဲ့ ရဲ့အစီအစဉ်သာဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ တောင်ကိုရီးယား သံရုံးက AP သတင်းဌာနကို အကြောင်းပြန်ထားပါတယ်။
ခရီးစဉ်အတွင်း စစ်ကောင်စီနဲ့ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး ကာယကံရှင် ဘန်ကီမွန်းရော ၊ The Elders အဖွဲ့ဘက်ကပါ တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
NUG အစိုးရ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော က ဘန်ကီမွန်း ခရီးစဉ်နဲ့ပတ်သက်ပြီး သဘောထားမှတ်ချက်ပြုရာမှာ ဘန်ကီမွန်းအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးမှာအသုံးချခံ မဖြစ်ဖို့လိုတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဘန်ကီမွန်းအနေနဲ့ မြန်မာလူထုရဲ့ဆန္ဒကိုအလေးထားဖို့လိုသလို ၊ NUG အစိုးရနဲ့ ပါ ထိတွေ့ဆက်ဆံဖို့လည်း လိုတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။
