ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းသည် မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရေး၊ အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးတို့ကို တောင်းဆိုလိုက်ကြောင်း ယနေ့ ထုတ်ပြန်သည်။
မြန်မာစစ်တပ်၏ ဖိတ်ကြားချက်အရ မစ္စတာဘန်ကီမွန်းသည် The Elders(ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့)၏ ဒုတိယဥက္ကဋ္ဌအဖြစ် ဧပြီ ၂၃-၂၄ ရက်များတွင် နေပြည်တော်သို့ လာရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်ဗိုလ်ချုပ်ဟောင်းနှင့် သမ္မတဟောင်း သိန်းစိန်တို့ကို တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံမှုများတွင် ရေရှည်တည်တံ့သော အဖြေရရှိရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် သက်ဆိုင်ရာပါတီအားလုံး၏ အရေးပါမှုကို အလေးထား ပြောကြားခဲ့ကြောင်း The Elders က ထုတ်ပြန်သည်။
“ကျွန်တော့်တွေ့ဆုံမှုတွေက လေ့လာစူးစမ်းဖို့ဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ သူတို့နဲ့ထိုက်တန်တဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လွတ်လပ်မှုတို့ ရရှိဖို့ ကျွန်တော် ကူညီနိုင်သမျှ ကျွန်တော် လုပ်သွားမှာပါ” ဟု ဘန်ကီမွန်းက ဆိုသည်။
နေပြည်တော်တွေ့ဆုံမှုများအတွင်း အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာက ချမှတ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက် ၂၆၆၉ တို့ကို လေးစား လိုက်နာပြီး ထိထိရောက်ရောက် အကောင်အထည် ဖော်ဖို့ရန် စစ်ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်ဟုလည်းဆိုသည်။
မြန်မာနိုင်ငံသို့ သူလာရောက်ခြင်းမှာ စစ်တပ်အနေဖြင့် အကြမ်းဖက်မှု နည်းလမ်းများကို ချက်ချင်း ရပ်တန့်ရန်၊ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ပြီး အပြုသဘောဆန်သောဆွေးနွေးမှုများစတင်လာရေး တိုက်တွန်းရန်ဖြစ်သည်ဟု ဘန်က ပြောသည်။

Public Service Announcement
၎င်း၏ဆွေးနွေးမှုများမှာ ကနဦးအဆင့်သာ ရှိသေးပြီး မြန်မာ ပြည်သူများအတွက် အမှန်တကယ် ထိုက်တန်သော ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနှင့် လွတ်လပ်မှုများကို ဖော်ဆောင်ပေးရန် အစွမ်းကုန် ကြိုးစားပေးသွားမည်ဟုလည်းဆိုသည်။
ဘန်၏ခရီးစဉ်ကို အာဏာသိမ်း စစ်တပ်က စတင် ကမ်းလှမ်း ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသောနိုင်ငံရေး အကျဉ်းသားမျကို စစ်တပ်က ပြန်လွှတ်ပေးပြီး အပြုသဘောဆောင်သောဆွေးနွေးမှုများစတင်ရန်၊ အဖွဲ့အစည်း အားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် ၊နိုင်ငံတကာ သဘောထားများကိုလည်း သူ အပြည့်အဝ ထောက်ခံသည်ဟု ဘန်က ပြောသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထို့အပြင် မကြာသေးခင်ကပဇီကြီး ကျေးရွာကိုစစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးများ ၊ကလေးများအပါအဝင် အရပ်သား ၁၆၀ ကျော် သေဆုံးခဲ့သော ကိစ္စနှင့် ပတ်သက်၍လည်းနိုင်ငံတကာက ပြင်းပြင်း
ထန်ထန် ရှုတ်ချထားသည်ကိုလည်း ဘန်က စစ်ခေါင်းဆောင်များကို ထပ်လောင်း သတိပေးခဲ့သည်ဟုဆိုသည်။
ထို့အပြင် စစ်တပ် စိတ်ကြိုက် ရွေးကောက်ပွဲတစ်ခု စီမံဖန်တီးရန်ကြံစည်နေခြင်းနှင့် ပတ်သက်၍လည်း ဘန်က ရွေးကောက်ပွဲများမှာ လွတ်လပ်ပြီး တရားမျှတရန် သေချာကြောင်း အခြေအနေမှန်များနှင့် သင့်တော် ကိုက်ညီရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်ဟုလည်းဆိုသည်။
အာဆီယံ အဖွဲ့ဝင် နိုင်ငံများအပြင် ပိုမိုကျယ်ပြန့်သော နိုင်ငံ
တကာ အသိုက်အဝန်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက် ပိုမိုစည်းလုံးပြီး စိတ်အားထက်သန်မှုများပြသရန်လိုအပ်ကြောင်း၊ စိတ်ရှည်သည်းခံပြီး အာရုံစူးစိုက်မှု ရှိပါက လက်ရှိ အကျပ်အတည်းမှ ရုန်းထွက်နိုင်မည့် လမ်းကြောင်းတစ်ခု ထွက်ပေါ်လာမယ်ဟု သူ့အနေဖြင့် ယုံကြည်ကြောင်း၊ သို့သော် ပထမဆုံး ခြေလှမ်းကိုစစ်တပ်ဖက်က စရန်လိုကြောင်းလည်း ဘန်က ပြောကြားသွားသည်ဟုဆိုသည်။
သို့သော် ဘန်ကီမွန်း၏ နေပြည်တော်ခရီးစဥ်အတွင်း မတရားသဖြင့် ဖမ်းဆီးထောင်ချခံထားရသော ရွေးကောက်ခံခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။
ဘန်ကီမွန်း၏ နေပြည်တော်ခရီးစဥ်နှင့်ပတ်သက်၍ အမျိိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ၎င်းအနေဖြင့် မြန်မာပြည်လာရောက်ရန် အချိန်ကောင်းမဟုတ်ဟု ဝေဖန်ထားပြီး မြန်မာပြည်သူလူထု၏ ရွေးကောက်ခံအစိုးရ NUG နှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း ပြောဆိုသည်။
