▪︎မင်းအောင်လှိုင်၊ လေချုပ်၊ လေယာဉ်မောင်း၊ ရဟတ်ယာဉ်မောင်း ပေါင်း ၆ ဦးနှင့်သတင်းပေးပျူခေါင်းဆောင်ဥူးဝါသဝ ပါ (၂) ဦးတို့ကိုပါအကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့်အမှုဖွင့်ထား၊ ၎င်းတို့ကိုဖမ်းဝရမ်းထုတ်ထားဟုNUGပြော
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ သတင်းပေး တရားခံ များအား ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကယနေ့ထုတ်ပြန်သည်။
စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် သတင်းပေးပို့ခဲ့သော စကစ သတင်းပေး တရားခံများဖြစ်သည့် အသက် ၅၃ နှစ်အရွယ် သိန်းရွှေ၊ အသက် ၆၁ နှစ်အရွယ် ဦးချို၊ အသက် ၃၆နှစ်အရွယ် ဖော်မင်း၊ အသက် ၃၀ အရွယ် ယဉ်ယဉ်ဝင်းတို့အား ဖမ်းဆီးရမိထားပြီး ၎င်းတို့အား စစ်ဆေးချက်အရ ပျူခေါင်းဆောင် ဥူးဝါသ၀ နှင့် စစ်ကောင်စီ သတင်းပေး ဒေါ်နွဲ့ယဉ်တို့လည်း ပါဝင်သည်ဟုဖော်ပြထားသည်။
တရားခံများအား ဖမ်းဆီးရမိရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အကူအညီဖြင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။
အဆိုပါလေးဦးအား ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၁/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း၊ ပြည်သူ့ရဲတပ်ဖွဲ့မှ ယင်းအမှုအား ခိုင်မာစွာတည်ဆောက်တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။
“အခုဖမ်းဆီးရမိတဲ့ (၄) ဦးအပြင် မင်းအောင်လှိုင်၊ လေတပ်စစ်ဦးစီးချုပ်၊ လေယာဉ်မောင်းသူများ၊ ရဟတ်ယာဉ်မောင်းသူ စတဲ့ (၆) ဦး၊ သတင်းပေး အကြမ်းဖက် ပျူခေါင်းဆောင်ဥူးဝါသဝ အပါအဝင် (၂) ဦး တို့ကိုပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၄) နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။ ကျန်ရှိတဲ့ ဝရမ်းပြေး (၈) ဦးတို့ကိုလဲ ဝရမ်းပြေးအဖြစ် ထုတ်ပြန်ပြီး ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟုအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ကပြောသည်။
ပျူစောထီးခေါင်းဆောင်ဥူးဝါသဝနှင့် စကစ သတင်းပေးဖြစ်သူ ဒေါ်နွဲ့ယဉ်တို့ (၂) ဦးအားလည်း ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၃/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် လည်းကောင်း၊ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ အပါအဝင် တရားခံ (၆) ဦးတို့အား ကန့်ဘလူမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၂/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ အမှုဖွင့်ဆောင်ရွက်ထားကြောင်း ဖော်ပြထားသည်။
“ဘယ်လို စီရင်မလဲဆိုတာကတော့ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ပဲ ဆောင်ရွက်သွားမှာပါ”ဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။
ဧပြီ ၁၁ရက်က ပဇီကြီးရွာတွင် အရပ်သားများဖြင့် အခြေပြုဖွဲ့စည်းထားသော ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဒေသတွင်း ကျေးရွာများမှ ရွာသူရွာသားများကို ဖိတ်ကြား၍ ရပ်ဓလေ့ရွာဓလေ့အရ ရုံးသစ်တက် အလှူအတန်းအဖြစ် ထမင်းဖိတ်ကျွေးနေစဉ်၊ အကြမ်းဖက်အာကာသိမ်း ဖက်ဆစ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ လက်အောက်ခံလေတပ်မှ Yark-130 တိုက်လေယာဉ်နှင့် MI-35တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အရပ်သားပြည်သူများအား ဗုံးကျဲတိုက်ခိုက်ခြင်း၊ စက်သေနတ်များ ရော့ကတ်များဖြင့်ပစ်ခတ်၍ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။
ယင်းလေကြောင်းတိုက်ခိုက်မှုတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ(၁၆၈)ဦးသေဆုံးပြီး ၊ ပြည်သူ ၁၆ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း NUG ကထုတ်ပြန်ထားသည်။
▪︎မှတ်ချက်-သတင်းကို ဧပြီ ၂၉ ရက် နံနက် ၁၀ နာရီခွဲတွင်ထပ်မံဖြည့်စွက်ထားပါသည်။