ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် တံတားထိပ်တွင် အရက်သားလူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်သွားကြောင်းဒေသခံများက ပြောသည်။
“မရှီကထောင်တံတားထိပ်နားက အေဒင်လဖက်ရည်ဆိုင်ရှေ့မှာ သေနတ်ကိုအတွဲလိုက်ဆွဲပြီး ပစ်သတ်သွားတာ “ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူမှာ အရပ်သားလူငယ်ဖြစ်ပြီး သေနတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည်ကို လူမှုကွန်ရက်၌ ပျံ့နှံ့လာသော ဓာတ်ပုံများတွင် တွေ့ရသည်။ ယနေ့(မေလ ၁ရက်) နံနက် ၃နာရီခန့်တွင် စစ်ကောင်စီတပ်က ပစ်သတ်လိုက်ခြင်းဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ဖားကန့်ဒေသခံအရပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDFနှင့် ဆက်နွယ်သည်ဟုဆိုကာ ဆက်တိုက်ဖမ်းဆီးနေပြီး အလွယ်တကူ သတ်ဖြတ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

မရှီကထောင်ရပ်ကွက်ရှိ HAPPY KTV တွင် ဧပြီ ၂၃ရက် နံနက်အစောပိုင်းက စစ်ကောင်စီ၏ တပ်မ(၃၃) လက်အောက်ခံတပ်ရင်းခလရ(၁၃)စစ်ကြောင်းမှူး ဒုဗိုလ်မှူးဇော်မောင် (DSA အပတ်စဥ် ၄၇)နှင့်အတူ ကျောက်စိမ်းလုပ်ငန်းရှင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။ ဧပြီ ၂၄ရက် နံနက်တွင်ယခင်ကတည်းကဖမ်းဆီးထားသော PDFတစ်ဦးနှင့် အရပ်သားတစ်ဦးကို စစ်ကောင်စီက ပစ်သတ်လိုက်ပြီး Happy KTV ရှေ့ အများပြည်သူမြင်ကွင်းတွင် ရုပ်အလောင်း လာချထားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၂၁ရက်ကလည်း ဆန်ခါနှင့် မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လူငယ်အများစုပါဝင်သော ဒေသခံအရပ်သား ၂၀၀ကျော်ကို ဖမ်းဆီးခဲ့သည်။ ၅၀ခန့်ကိုသာ ပြန်လွှတ်ပေးပြီး ကျန်သူများ ယနေ့အထိ ဖမ်းဆီးခံထားရဆဲဟု သတင်းရရှိသည်။


















































