▪︎မြန်မာအရေးဟာရှုပ်ထွေးလွန်းပြီးခပ်မြန်မြန်ဖြေရှင်းဖို့မဖြစ်နိုင်ကြောင်းတရုတ်ဝန်ကြီးဆို
▪︎ဟေဇာက မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို မြန်မာကပဲဦးဆောင် ဖြေရှင်းသင့်ပြီး အထူးသဖြင့်ပြည်သူလူထုရဲ့ သဘောထား ဆန္ဒကိုလေးစားပေးသင့်ကြောင်းမှတ်ချက်ပေး
တရုတ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ဟာ မေ ၁ ရက်က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံခဲ့ကြောင်း တရုတ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်ဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ တွေ့ဆုံချိန်မှာမြန်မာ့အရေးဟာ ပြည်တွင်းနဲ့ ပြည်ပ သက်ရောက်မှု ပေါင်းစုံ ရောပြွန်းပြီး ရှုပ်ထွေးလွန်းနေကြောင်း၊ ပြီးတော့ခပ်မြန်မြန်ပြန်လည် ပြင်ဆင်ဖို့ မဖြစ်နိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။
ချင်က နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကိုလေးစားဖို့ တောင်းဆိုခဲ့ပြီး မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ရင် အဖွဲ့အစည်းအားလုံးကို ဖွဲ့စည်းပုံ ဥပဒေ၊ တရားဥပဒေ ဘောင်တွေထဲကနေ အကူအညီ ပေးကြဖို့၊ အမြင်ကွဲပြားမှုတွေကို ကြားဝင် ပေါင်းကူးပေးပြီး နိုင်ငံရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေကနေတဆင့် နိုင်ငံရေး ကူးပြောင်းမှုတွေ ပြန်လည် ဖော်ဆောင်နိုင်အောင် ပံ့ပိုးပေးကြဖို့ တိုက်တယ်လိုတရုတ်ကွန်မြူနစ်ပါတီရဲ့ဝါဒဖြန့်သတင်းဌာနဖြစ်တဲ့ China Daily ကဖော်ပြပါတယ်။
နောက်ပြီး မြန်မာ့ ပြဿနာကို အဖြေရှာ ဆွေးနွေးဖို့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ဘုံသဘောတူညီမှု ၅ ချက်ကို သတ်မှတ်ပြီးအကောင်အထည်ဖော်ဖို့ ကြိုးစားနေတာကို နိုင်ငံတကာ အသိုက်အဝန်းက လေးစားပေးသင့်တယ်လို့လည်းတရုတ်ဝန်ကြီးကဆိုပါတယ်။
သူက မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ တင်းမာမှုတွေ ပိုမိုပျံ့နှံ့ တိုးပွားမလာအောင် ဖိဖိစီးစီး စီမံကိုင်တွယ်ဖို့လိုအပ်ကြောင်းထောက်ပြခဲ့ပြီး တရုတ် အစိုးရ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဟေဇာရဲ့ ရည်ရွယ်ချက် ကောင်းမွန်တဲ့ အားထုတ်မှုတွေကို ဆက်လက် အားပေး ထောက်ခံသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
တရုတ်နိုင်ငံဟာ စစ်တပ်ကပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇၀လောက်သေဆုံးတဲ့အပေါ် ကုလလုံခြုံရေးကောင်စီမှာခြုံချကြောင်းထုတ်ပြန်ဖို့ မဲခွဲဆုံးဖြတ်တဲ့အခါ ကန့်ကွက်မဲပေးခဲ့သလို အခုနောက်ပိုင်းစစ်ကောင်စီနဲ့ ထိ့တွေ့ဆက်ဆံမှုတွေပိုလုပ်နေပါတယ်။မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ကိုလည်း နွေဦးတော်လှန်ရေးမှာ မပါဖို့ဖိအားပေးမှုတွေရှိနေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အရေးလေ့လာသူအချို့ကပြောပါတယ်။စစ်တပ်အာဏာသိမ်းတာ ၊အာဏာသိမ်းစစ်တပ်ကပြည်သူတွေကိုသတ်ဖြတ် အကြမ်းဖက်တာတွေကို တရုတ်ကကန့်ကွက်တာမရှိသလို စစ်ကောင်စီကို ထိတွေ့ဆက်ဆံနေတဲ့နိုင်ငံအနည်းငယ်မှာ တရုတ်ပါဝင်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်း ၊အထူးစီးပွားရေးဇုန်စီမံကိန်းတွေအပါအဝင် မြန်မာနိုင်ငံက BRI စီမံကိန်းအချို့ကိုပြန်လည်စတင်နေပါတယ်။
ဟေဇာက မြန်မာ့ နိုင်ငံရေးအကျပ်အတည်းကို မြန်မာကပဲ ဦးဆောင် ဖြေရှင်းသင့်ပြီး အထူးသဖြင့် ပြည်သူလူထုရဲ့ သဘောထား ဆန္ဒကို လေးစားပေးသင့်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ မြန်မာ့အရေး ဆွေးနွေးမှုတွေ ပေါ်ပေါက်လာခဲ့ရင်လည်း အတိတ်ကို ပြင်ဆင်လို့ မရတော့တာတောင်မှ အနာဂတ်မှာ ကွဲပြားမှုတွေကိုတော့ ဖန်တီးပေးဖို့ လိုမယ်လို့လည်း ဟေဇာက ဆိုပါတယ်။
မြန်မာ့ ပြဿနာနဲ့ ပတ်သက်ပြီးအဖြေရှာဆွေးနွေးဖို့ တရုတ်က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ကြိုးစားပေးနေတယ် ဆိုတာကို ကုလသမဂ္ဂ အနေနဲ့ အသိအမှတ် ပြုပြီး တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေအတွက် ဆက်လက် အားသွန်ခွန်စိုက် ကူညီပေးသွားမယ်လို့လည်း မျှော်လင့်ကြောင်း ဟေဇာက ဆက်လက် ပြောကြားသွားခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို မေလထဲလာမယ်လို့သတင်းထွက်ပေါ်နေပါတယ်။
ဟေဇာဟာ ချန်နဲ့ မတွေ့ဆုံခင် လွန်ခဲ့တဲ့ တစ်လခွဲလောက်တုန်းကတော့ မြန်မာ့အရေးဟာ ဆွေးနွေးမှု နည်းလမ်းနဲ့ အဖြေရှာနိုင်မယ့် အလားအလာမျိုး မတွေ့ဘူးလို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အစီရင်ခံ မှတ်ချက် ပေးခဲ့ဖူးပါတယ်။ မတ်လလယ်တုန်းက ဟေဇာဟာ အထွေထွေ ညီလာခံမှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံကို မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ သူ့သဘောထား အမြင်ကို တင်ပြခဲ့ရာမှာ မြန်မာစစ်တပ်ဟာ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်နေတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို ကြမ်းတမ်းရက်စက်တဲ့ နည်းလမ်းတွေနဲ့ ဖြိုခွင်းတာကို ရပ်တန့်မယ့် သဘောမျိုး မတွေ့ရသလို နှစ်ဖက်စလုံးကလည်း အင်အားသုံးပြီးပဲ အနိုင်ယူဖို့ ကြိုးစားနေတဲ့အတွက် စေ့စပ်ဆွေးနွေးရေး ကိစ္စက အလားအလာ နည်းလွန်းတယ်လို့ ဝေဖန် ထောက်ပြသွားခဲ့တာ ဖြစ်ပါတယ်။
သူက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဟာ နေရာအနှံ့ ကြောက်ခမန်းလိလိ မြန်နှုန်းနဲ့ တိုးပွားလာနေသလို မြန်မာစစ်တပ်က ဖေဖော်ဝါရီ ၁ ရက်မှာ အရေးပေါ် အခြေအနေ သက်တမ်းတိုးမြှင့် ကြေညာပြီး အရပ်သား ဧရိယာတွေနဲ့ အရပ်ဖက် အဆောက်အအုံတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ မီးရှို့ ဖျက်ဆီးတာတွေ အရှိန်မြှင့်လာတာတွေကိုပါ တင်ပြသွားခဲ့ပါတယ်။ နောက်ပြီး စစ်တပ်က ဖြတ်လေးဖြတ် ဗျူဟာကို လက်မရွံ့စတမ်း အသုံးပြုပြီး အရပ်သားတွေကိုပါ ရောနှော တိုက်ခိုက်နေတာကိုလည်း ဟေဇယ်က ကုလသမဂ္ဂမှာ တင်ပြခဲ့ဖူးပါတယ်။
ကိုးကား/ဓါတ်ပုံ- China Daily
