ယောဒေသ ဆောမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ တောင်ကျရေဆင်းလာ၍ စစ်ဘေးရှောင်ပြည်သူများ၏ ယာယီတဲများ ပျက်ဆီးဆုံးရှုံးခဲ့သည်ဟု ဂန့်ဂေါခရိုင်၊ တပ်ရင်း (၁၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မကွေးတိုင်း ယောဒေသတွင် မိုခါမုန်တိုင်းအရှိန်ကြောင့် မေလ ၁၃ရက်မှ မေလ ၁၄ရက် ညအထိ မိုးကောင်းခဲ့ပြီး ဒေသခံများ ရေဘေးကြုံခဲ့ခြင်းဖြစ်သည်။
“စစ်ကြောင်းတွေဝင်ခဲ့လို့ရွာမှာ မနေရဲလို့ ရွာပြင် ကို ထွက်နေရသူတွေ ရှိတယ်။ချောင်းဘေးနေရာတွေမှာ စစ်ဘေးရှောင်တဲလေးတွေနဲ့ နေကြရတာ။ အဲ့ဒီတဲလေးတွေ ပါသွားတယ်။ တောင်ယာကတဲတွေ ပျက်စီးတယ်”ဟု ဂန့်ဂေါခရိုင်၊ တပ်ရင်း(၁၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လတ်တလောတွင် ရေပြန်ကျသွားသော်လည်း ပြန်လည်ထူထောင်ရေး အတွက်အခက်အခဲများစွာရှိသည်ဟု ဆိုသည်။ ယောဒေသရှိ ဆောနှင့် ကျောက်ထုမြို့နယ် ပတ်ဝန်းကျင်တွင် စစ်ကောင်စီစစ်ကြောင်းများကြောင့် အမြဲတမ်းစစ်ဘေးရှောင်ဦးရေ ၁,၀၀၀ခန့်ရှိပြီး စစ်ကြောင်းဝင်လာပါက ဒေသခံ တစ်သောင်းခန့် စစ်ဘေးရှောင်ကြရသည်ဟု သိရသည်။

Public Service Announcement
မိုခါမုန်တိုင်းဘေးမှာ ဒေသခံပြည်သူများကို ပို၍ အကျပ်အတည်းဖြစ်စေသည်ဟု ဒေသတွင်း အရပ်ဘက်အရေးဆောင်ရွက်သူများက ပြောသည်။
လတ်တလောတွင် စစ်ကောင်စီတပ်က ယောနယ်တွင် စစ်ရေးလှုပ်ရှားမှုမရှိသေးသော်လည်း ပြီးခဲ့သည့် ဧပြီ ၈ရက်က ဂန့်ဂေါခရိုင်၊ တပ်ရင်း(၁၃)၊တပ်ရင်း(၈)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့သည်။
