ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာတွင် ခြေကုတ်ယူထားသော စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(DMO local PDF)က အသိပေးထုတ်ပြန်သည်။
ယနေ့(မေလ ၁၆ ရက်) နံနက် ၆နာရီ မိနစ်၄၀ခန့်ကစ၍ ၈နာရီခွဲအထိ ၁နာရီကျော်ကြာ တိုက်ပွဲကြာမြင့်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲသည် သဲတောင်၏အောက်တွင် ကင်းပုန်းယူထားသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုတပ်ဖွဲ့က နယ်မြေရှင်းလင်းနေစဉ် ထိတွေ့မှုတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးကို အဆမတန်ပစ်ခတ်ခဲ့သော်လည်း DMO local PDF ဘက်မှ ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတချို့ရရှိနိုင်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်အတွင်း လက်နက်ကြီးများ ပစ်ခတ်မှုကို မကြာခဏအသုံးပြုနေပြီး လေယာဉ်ဖြင့် ပေါင် (၂၀၀)ဗုံးများကိုကြဲချကာ အရပ်သားပြည်သူများရှိရာသို့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ တိုက်ခိုက်လာကြောင်းလည်း DMO-Local PDF က အသိပေးသည်။
တိုက်ပွဲဖြစ်စဥ်နှင့် ပတ်သက်ပြီး PDFထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။
ဒီးမော့ဆိုမြို့နယ်သို့ စစ်ကောင်စီတပ်က လွိုင်ကော်နှင့် ဘောလခဲမြို့နယ်များမှ နှစ်ဖက်ညှပ်ကာ ထိုးစစ်ဆင်နေပြီး မကြာခဏထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ထို့အပြင် ယနေ့ ညနေပိုင်းအထိ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူများအသုံးပြုခဲ့သည်။
