ကရင်နီ(ကယား)ပြည်နယ် ဘောလခဲ-ရွာသစ် လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ကို မေလလ ၉ ရက် ညနေပိုင်းက ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF )နှင့် ကရင်နီတပ်မတော် (KA) တို့ က ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KNDF မှတာဝန်ရှိသူကပြောသည်။
“၁၂ မိုင်ကုန်းမှာက စစ်ကောင်စီစခန်းကုန်းတစ်ခုရှိတယ်။အဲဒီနေရာကို ၈ ရက်နေ့(မေ ၈)က အင်အား ၃၀ လောက်နဲ့ စစ်ကြောင်းဝင်လာတာကို ဖြတ်တိုက်တာ။ အနည်းဆုံးငါးဦးသေတယ်ဆိုတာ အတည်ပြုလို့ရတယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ဘောလခဲမြို့မှ (၁၂)မိုင်ကုန်း ဖက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များကို ဘောလခဲ-(၁၂) မိုင်ကုန်း ကြားလမ်းတစ်နေရာတွင် ပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲမှာ နာရီဝက်နီပါးကြာ မြင့်ခဲ့သည်။တိုက်ပွဲတွင် စစ်သား အနည်းဆုံးငါးဦးထက်မနည်းသေဆုံးပြီးMA-1 အမျိုးအစားသေနတ် (၁)လက် နှင့်အတူ ကျည်များ ၊ လက်ပစ်ဗုံး (၂) လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂၁ က ယနေ့ (မေ ၁၆)ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် မေလ (၈)ရက်နေ့မှစ၍ ဘောလခဲမြို့မှ အင်အားအများအပြားဖြင့် (၁၂)မိုင်ကုန်း ၊ ဝမ်မလန်းကျေးရွာ များဖက်သို့ စစ်ကြောင်းများထိုးနေသဖြင့် မေ ၁၆ အထိ တိုက်ပွဲများ ကြိုကြား ဖြစ်ပွားလျှက်ရှိကြောင်းလည်းသိရသည်။

စစ်ကောင်စီမှ လေကြောင်း အသုံးပြု၍ ဗုံးကျဲတိုက်ခိုက် ခြင်းများကိုပါ ပြုလုပ်နေကြောင်း KNDF တပ်ဖွဲ့ဝင်အချို့ကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပူးပေါင်းတပ်များအကြား အချိန်မရွေးထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်၍ ဘောလခဲ- ရွာသစ်လမ်းမကြီးအား ပြည်သူများအသုံးပြု၍ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ရန်လည်း KNDF က မေတ္တာရပ်ခံထားသည်။
မေလ ၁ ရက်နေ့က ကရင်နီ(ကယား)ပြည်နယ်၊ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီတပ်စွဲထားသော နေရာလေးခုကို ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးထက်မနည်း သေဆုံးပြီးလက်နက်နှစ်လက်ရရှိခဲ့သည်။
