ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်မည့် လေကြောင်းလိုင်းများကို မေ ၂၁ ရက်အထိရပ်ဆိုင်းထားကြောင်း လေယာဉ်အရောင်းကိုယ်စားလှယ်များကပြောသည်။
မေ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းနှင့် ကျေးရွာများမှာပင် သေဆုံးသူ ၄၀၀ ကျော်ရှိခဲ့သည့် စစ်တွေမြို့ကို မေ ၂၁ ရက်အထိ လေကြောင်းလိုင်းများကို စစ်ကောင်စီက ပိတ်ပင်ထားကြောင်း အဆိုပါအရောင်းကိုယ်စားလှယ်များကပြောသည်။
“မေ ၂၁ ရက်တော့ လေယာဉ်ထွက်ပါတယ်၊ ခုံလက်မှတ်တော့မရတော့ပါဘူး။ မေ ၂၂ ရက်မှာတော့ မနက် ၇နာရီထွက်မယ့်ဟာတော့ ရနိုင်ပါသေးတယ်”ဟု အရောင်းကိုယ်စားလှယ်တစ်ဦး မေ ၁၇ ရက် မနက်ပိုင်းတွင်ပြောသည်။

လက်ရှိအခြေအနေများကြောင့် စစ်တွေမြို့တွင် လေကြောင်းလိုင်းများ ခေတ္တယာယီပိတ်ထားရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သံတွဲမြို့ကိုပုံမှန်ခရီးစဉ်ပြေးဆွဲလျက်ရှိသည်ဟု အခြားအရောင်းကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။
မေ ၁၄ ရက်က တိုက်ခိုက်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်ကောင်စီက ထိခိုက်သေဆုံးမှုနည်းအောင် လုပ်နိုင်ခဲ့သည်ဟု အာဏာသိမ်းခေါင်ဆောင်ကပြောပြီးနောက်နေ့မှာပင်စစ်တွေမြို့တခုတည်းတွင် လူပေါင်း ရာချီသေဆုံးခဲ့ကြောင်းသတင်းများတက်လာခဲ့ခြင်းဖြစ်သည်။ရိုဟင်ဂျာဒုက္ခသည် စခန်းတွင် ခိုလှုံနေရသည့် ရိုဟင်ဂျာ ဒုက္ခသည်များ ပင်လယ်ကမ်းခြေမှ ရိုဟင်ဂျာကျေးရွာများမှဂျိုဟင်ဂျာ ၄၀၀ကျော် သေဆုံးခဲ့ကြောင်း မြေပြင်တွင်ကူညီပေးနေသူများကပြောသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် လေကြောင်းဦးစီးဌာနကဝန်ထမ်းတစ်ဦးက မုန်တိုင်းကြောင့် လေကြောင်းထိန်းချုပ်စင်တာ ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီးနောက် လေယာဉ်များ ဆင်းသက်၍ မရနိုင်သောကြောင့် လေကြောင်းခရီးစဉ်များ ယာယီရပ်နားရခြင်းဖြစ်သည်ဟုဆိုသည်။
ရခိုင်ပြည်နယ်အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီက စစ်တွေမြို့ကို နိုင်ငံတကာအဖွဲ့အစည်းများ လာရောက်မည့်ကိုကန့်သတ်မည်ကို စိုးရိမ်ကြောင်း မှတ်ချက်ပေးသည်။
လတ်တလောမှာ အစားအသောက်နဲ့ အမိုးအကာတွေ အရေးတကြီးလိုအပ်နေတယ်။
“ခုအချိန်အထိတော့ ဘာကယ်ဆယ်ရေးမှ မရသေးပါဘူး ခင်ဗျ။ ကျွန်တော်တို့ အရေးပေါ်ကယ်ဆယ်ရေးသာရလို့ရှိရင်တော့ အားလုံးပူးပေါင်းပြီးတော့ ကူညီလုပ်ကိုင်ပေးလို့ရတယ်” ဟု စစ်တွေမြို့တွင် ရိုဟင်ဂျာဒုက္ခသည်စခန်းနှင့်ရွာမျာကို ထိခိုက်ပျက်စီးမှု စာရင်းလိုက်ကောက်နေသူကပြောသည်။
