အသက် (၅၀)အရွယ် တော်လှန်ရေး အမျိုးသမီးရဲဘော်တစ်ဦးကျဆုံး
စစ်ကိုင်းတိုင်း အရာတော်နယ်ရှိ Danger Force LPDF၏ တပ်စခန်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး ကျပ်သိန်း ၃၀၀ ဖိုးခန့်ဆုံးရှုံးကာ အသက် (၅၀)အရွယ် တော်လှန်ရေး အမျိုးသမီးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက် နံနက် ၉ နာရီခန့်က အရာတော်မြို့နယ်၊ ကျောက်ပျောက်၊ မြောက်ကုန်းကျေးရွာသို့ ရောက်ရှိနေသောအင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ကမ်းဖြူရွာနှင့် ဝါးရောင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည်။
ထို့နောက် Danger Force LPDF တပ်စခန်းရှိရာသို့ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Danger Force LPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လက်နက်အင်အားမမျှသည့်အတွက် တပ်စခန်းကို စွန့်ကာဆုတ်ခွာခဲ့ပြီး အသက် (၅၀)အရွယ် တော်လှန်ရေးရဲဘော် ဒေါ်သီတာမြင့်မှာ ကျဆုံးခဲ့ရကြောင်း Danger Force LPDF အဖွဲ့က အသိပေးသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် အမျိုးသမီးရဲဘော်အား တပ်စခန်းအတွင်းသို့ထည့်ကာ စခန်းနှင့်အတူ မီးရှို့ သွားကြောင်း Danger Force LPD အဖွဲ့က ပြောသည်။
“သေဆုံးသူက ထောက်ပို့တပ်သားဆိုလည်း မှန်ပါတယ်။တော်လှန်ရေးအဖွဲ့ တွေ မဟာမိတ်အဖွဲ့တွေ အားလုံးကို ချက်ပြုတ်ကျွေးမွေးတဲ့သူလည်းဖြစ်သလို ရဲမေရဲ့ မိခင်လည်းဖြစ်ပါတယ်။ ဆက်သွယ်ရေး ၊ စစ်ဆင်ရေးတွေမှာလည်း ပါဝင်လှုပ်ရှားခဲ့ပါတယ်။”ဟု Danger Force LPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် စခန်းအတွင်းရှိ ကျပ် ၁၈သိန်း ၊ မိုင်းအလုံး ၃၇ လုံး ၊ ၇.၆၂ အမျိုးအစားကျည် ၄၀၀ တောင့်၊၅.၅၆အမျိုးအစားကျည် ၁၅၀တောင့် ၊9mm အမျိုးအစားကျည် ၅၀ တောင့် ၊ 9ballအမျိူးအစားကျည် ၁၀၀ တောင့် နှင့်အတူ ဆိုင်ကယ်သုံးစီး ၊ ကားတစ်စီးနှင့် အခြားဆက်စပ်ပစ္စည်းများစွာ (ကာလတန်ဖိုး သိန်း ၃၀၀နီးပါး) ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Danger Force LPDF အဖွဲ့က ထုတ်ပြန်သည်။
ကျဆုံးသွားသော တော်လှန်ရေးရဲဘော် ဒေါ်သီတာမြင့်အား Danger Force LPDF ရဲဘော်များအားလုံးက အလေးနီပြုပြီးတော်လှန်ရေး လုပ်ငန်းများ မရပ်တန့်ဘဲဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Danger Force LPDF အဖွဲ့က ကတိပြုသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလ ၂၄ ရက် နံနက်ပိုင်းက အရာတော်မြို့နယ် တောင်မွှာကျေးရွာရှိ နေအိမ် ၆၀ကျော် မီးရှို့ဖျက်ဆီးသွားပြီး သက်ကြီးရွယ်အို လေးဦးအပါအဝင် ပြည်သူ ခြောက်ဦးကို သတ်ဖြတ်သွားခဲ့သည်။
