အထိနာသည့် စစ်ကော်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်တွင် စစ်ကောင်စီနှင့် ရှမ်းနီပူးပေါင်းတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်း ဟုမ္မလင်း PDFက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ ခလရ (၂၇၂) ခလရ (၂၂၂) ခမရ (၃၇၀) နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ (၈၉၁)၊ တပ်မဟာ (၇၅၃) ပူးပေါင်းစစ်ကြောင်းကို ဖောင်းပြင်-ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း နှင့် ဖောင်းပြင် (ပ.က.ဖ)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

စစ်ကောင်စီနှင့် ရှမ်းနီ ခန့်မှန်းအင်အား ၂၀၀ ခန့်သည် ဇွန်လ ၂ရက်က ဖောင်းပြင်မြို့နယ်၊ စန္ဒားအုပ်စု၊ စက်တောကျေးရွာအား စစ်ကြောင်းထိုးလာရာ ရန်သူ့စစ်ကြောင်းကို ဝိုင်းရံပိတ်ဆို့ ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။
တိုက်ပွဲပြင်းထန်ခဲ့ရာ ဇွန်လ ၃ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် အသုံးပြု၍ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ အထိနာသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ (ဇွန်လ ၄ရက်)တွင် ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာသို့ ဆုတ်ခွာသွားကြောင်း ဟုမ္မလင်း PDFကထုတ်ပြန်သည်။

Public Service Announcement
အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့နှင့် ဟုမ္မလင်း PDF ထံသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။




















































