ထီးလင်းမြို့နယ်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး၏ ဈာပနကို ယနေ့(ဇွန်လ ၁၇ရက်)တွင် ပြုလုပ်ခဲ့ကြောင်း Yaw Revolution Army (ထီးလင်း)က သတင်းထုတ်ပြန်သည်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ် အုန်းတွဲဘုရားကုန်းအနီးတွင် ဇွန်လ ၁၅ရက် ညနေက ဖြစ်ပွားသောတိုက်ပွဲ၌ Yaw Revolution Army (ထီးလင်း)မှ တပ်စုမှူးဝေယံလင်းနှင့် တပ်သားဝင်းကိုနိုင်တို့ ကျဆုံးခဲ့ခြင်းဖြစ်သည်။
ကျဆုံးတပ်ဖွဲ့ဝင်နှစ်ဦး၏ ဈာပနကို ထီးလင်းမြို့တွင် ယနေ့ ပြုလုပ်ခြင်းဖြစ်သည်။
ဇွန်လ ၁၅ရက်က တိုက်ပွဲတွင် အင်အား ၁၅၀ခန့်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ရန် ကြိုးစားစဉ် ကင်းပုန်းဝပ်နေသောစစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခံရခြင်းဟု သိရသည်။

Public Service Announcement

အဆိုပါ တိုက်ပွဲတွင် တပ်ဖွဲ့ဝင်တစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားပြီး M4 မောင်းပြန်တစ်လက်လည်း ဆုံးရှုံးခဲ့သည်ဟု Yaw Revolution Army (ထီးလင်း)က ဇွန်လ ၁၆ရက်တွင် ထုတ်ပြန်ထားသည်။သို့သော် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိ၊မရှိကို မသိရှိရပေ။
စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးသွားရသောတပ်ဖွဲ့ဝင်များအား နှမြောတသဂုဏ်ယူလေးစားစွာ အလေးနီပြုအပ်ပါသည်ဟုYaw Revolution Army (ထီးလင်း)က ထုတ်ပြန်ထားသည်။

ဇွန်လ ၁၅ရက်က စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်သည် ယနေ့(ဇွန်လ ၁၇ရက်)တွင် ထီးလင်းမြို့၊ ရွှေထီးခန်းမတွင် တပ်စွဲထားသည်ဟု သတင်းရရှိသည်။ ထို့အပြင် ဒေသခံများ စစ်ရေးသတိရှိကြရန်တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။
Yaw Revolution Army (ထီးလင်း)သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဂန့်ဂေါခရိုင်တပ်ရင်း(၁၅/၁၆/၁၇) ဖြစ်သည်။


















































