ယနေ့ ကျရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့ တစ်နေရာတွင် “မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်” (“We Miss You”) စာတန်းကို ချိတ်စွဲခဲ့သည်။
ရန်ကုန်မြို့တွင် စစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်စွာ စစ်ဆေးနေသည့်ကြားမှ YRF ၏ Soft Strike Community မှ ဒေါ်အောင်ဆန်းစုကြည်၏ ပုံနှင့်အတူ “We Miss You” ဟူသော စာသားပါ ဘန်နာအား ချိတ်စွဲခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး ယနေ့ထိ ပြင်ပ ဧည့်သည်များနှင့် တွေ့ဆုံခွင့်မရဘဲ စစ်ကောင်စီနှင့် ဆက်နွယ်သူများဖြင့်သာ တွေ့ဆုံခွင့်ရနေသော်လည်း ပြည်သူလူထုအနေဖြင့် အချိန်အတိုင်းအတာ ၂ နှစ်ကျော်လာသည်အထိ မတွေ့ရ၊ မကြားရသည့်တိုင် ၎င်းအား အစဉ်အမြဲပင် အောက်မေ့သတိရလျက် ရှိနေကြောင်း YRF က ဆိုသည်။
တချိန်ချိန်၌ “ကျွန်မတို့ပြည်သူတွေ အရမ်းတော်တယ်” ဟူသော စကားသံနှင့်အတူ ရွှင်ပြုံး အားရသောမျက်နှာဖြင့် မိန့်ခွန်းပြန်လည်ပြောကြားမည့်ရက်အား စောင့်မျှော်နေသူများလည်း ရှိနေကြောင်းလည်း YRF အဖွဲ့က ဖော်ပြသည်။

Public Service Announcement

ထို့အပြင် နောက်နှစ်မွေးနေ့တွင် သူချစ်သည့် ပြည်သူများနှင့်အတူ မွေးနေ့ကျင်းပခွင့် ရပါစေကြောင်းနှင့် မွေးနေ့ရှင်အပါအဝင် မတရား အဖမ်းဆီးခံရသူများအားလုံး တော်လှန်ရေးအောင်ပွဲနှင့်အတူ အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေကြောင်း YRFအဖွဲ့က မွေးနေ့ ဆုမွန်ကောင်း တောင်းထားသည်။
ထို့အပြင် “ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သည့် “You should never let your fears prevent you from doing what is right” ( သင့်ရဲ ကြောက်စိတ်က သင့်မှန်တာတွေ လုပ်ဖို့ကာဆီးတာမျိုးဘယ်တော့မှ ခွင့်မပြုသင့်ဘူး)ဟူသော စကားနှင့်အတူ တော်လှန်တိုက်ပွဲဝင်သွားကြရအောင်”ဟုလည်း YRF ကတိုက်တွန်းထားသည်။


















































