စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူများအားကူညီနေသော S&Cအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရပြီးနောက် အဆက်အသွယ် ပြတ်တောက်နေကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များရှိ ကျေးရွာအများအပြား၌ စစ်ဘေးရှောင်များအား ကူညီပေးနေသော S&C မီးဘေး စစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးသည် ယင်းမာပင်မြို့နယ်ဘက်တွင် စစ်ဘေးရှောင်ကူညီမှုသွားရင်း ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံလိုက်ရကြောင်း S&C အဖွဲ့တာဝန်ရှိသူက ပြောသည်။
“အဆက်အသွယ်တော့မရသေးဘူး။ ဘယ်မှာဖမ်းထားတယ်ဆိုတာလည်း မသိသေးဘူး။ စကစဘက်က ဖမ်းတာပါ”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ကျန်ရစ်သောမိသားစုဝင်များ၏ လုံခြုံရေးအရ ဖမ်းဆီးခံလိုက်ရသောအဖွဲ့ဝင်၏ အချက်အလက်များအား အသိပေးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

Public Service Announcement
S&Cအဖွဲ့သည် စစ်ဘေးသင့်ပြည်သူများကူညီရာတွင် လွတ်လပ်စွာသွားလာကူညီခွင့်ရသည့် အခြေအနေမရှိဘဲ S&Cအဖွဲ့သားများ၊ ဒေသခံစေတနာ့ဝန်ထမ်းများ အန္တရာယ်မကျရောက်ရန် ဂရုစိုက်ရကြောင်း ၎င်းက ပြောသည်။
S&Cအဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၏ နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေးများအား အကူအညီပေးနေသည့်အဖွဲ့တစ်ခု ဖြစ်သည်။
