Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံရေးအကျဥ်းသားများအား ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းအပေါ် အမိန့်ပေးစေခိုင်းသူများ၊ ကိုယ်တိုင်ကျူးလွန်သူများ အားလုံး တာဝန်ခံကြရမည်ဟု AAPP ထုတ်ပြန်

ပြီးခဲ့သည့် ဇွန်လ ၂၇ရက်တွင်ဒိုက်ဦး(ကျိုက်ဇကော)ထောင်မှ နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ စစ်တပ်မှ ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့သည်။

ဒိုက်ဦး(ကျိုက်ဇကော) ထောင်ကို Google Map မှ​တွေ့ရမှူ
ဒိုက်ဦး(ကျိုက်ဇကော) ထောင်ကို Google Map မှ​တွေ့ရမှူ

▪︎လက်လွတ်စပယ်ပြောင်ပြောင်တင်းတင်းသတ်ဖြတ်နေသည့်လုပ်ရပ်မှာပြည်တွင်းဥပဒေများကိုသာမကနိုင်ငံတကာဥပဒေများကိုပါ ကျူးလွန်နေသည်မှာ အထင်အရှားဖြစ်နေ

နိုင်ငံရေးအကျဥ်းသားများအား ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများနှင့်ပတ်သက်၍ အမိန့်ပေးစေခိုင်းသူများ၊ ကိုယ်တိုင်ကျူးလွန်သူများ အားလုံး တာ၀န်ခံကြရမည်ဟု နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့ထုတ်ပြန်သည်။

ဇွန်လနှောင်းပိုင်းမှ ဇူလိုင် ပထမပတ်အတွင်း အာဏာသိမ်းစစ်ကောင်စီသည် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား အနည်းဆုံး ငါးဦးကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ပြီး ယင်းသို့ ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများအပေါ် AAPP အနေဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်ကြောင်းနှင့် မတရားကျူးလွန်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး တရားမျှတမှု ရရှိနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ဖော်ပြသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ရက်တွင်ဒိုက်ဦး(ကျိုက်ဇကော)ထောင်မှ နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ စစ်တပ်မှ ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့သည်။

စစ်​ကောင်စီက ဖမ်းဆီး​ထောင်ချပြီး​နောက်​သတ်ဖြတ်ခံရ​သောကိုခန့်နိုင်လင်း
စစ်​ကောင်စီက ဖမ်းဆီး​ထောင်ချပြီး​နောက်​သတ်ဖြတ်ခံရ​သောကိုခန့်နိုင်လင်း

ဇူလိုင် ၇ ရက်တွင် ကိုခန့်လင်းနိုင်(ခ) ကိုခန့် ၏ မိသားစုထံသို့လည်းကောင်း၊ ဇူလိုင် ၈ ရက်တွင် ကိုပြည့်ဖြိုးဟိန်း (ခ) ကိုပြည့်၏ မိသားစုထံသို့လည်းကောင်း ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ရာတွင် လမ်းခရီး၌ မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာ ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း ဒိုက်ဦးအကျဉ်းထောင်၊ ဦးစီးအရာရှိ ကျော်ဇေယျမှ လက်မှတ်ထိုးပြီး အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“ထောင်ပြောင်းသည်ဆိုသည်မှာလည်း အကြောင်းပြချက်တခုသာဖြစ်ပြီး ယခုလပိုင်း ဖြစ်စဉ်များအရ အကျဉ်းထောင်များမှ ခေါ်ထုတ်ပြီး စစ်ကြောသတ်ဖြတ်ခြင်းများ ဆက်တိုက်ဆိုသလို သတင်းထွက်ပေါ် နေခြင်းဖြစ်သည်” ဟု AAPP က ဆိုသည်။

အထက်ပါစာသည် ဇွန်လ (၂၉) ရက်နေ့ဟု ရက်စွဲတပ်ထားသော်လည်း မိသားစု ၂ စုထံသို့ ဇူလိုင် ၇ နှင့် ၈ ရက်တို့တွင်မှ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အတွင်းစာတွင် ကိုပြည့်ဖြိုးဟိန်း၏ ဇနီးထံသို့ လိပ်မူထားသော်လည်း စာအိတ်အဖုံးတွင် ပျောက်ဆုံးနေသော ကိုအောင်မျိုးသူ၏ ဇနီးနာမည်နှင့် လိပ်စာတပ်ထားပြီး ကိုအောင်မျိုးသူ၏ဇနီး မခင်မိုးမိုးထံသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်အရ ကိုအောင်မျိုးသူ၏ အသက်အန္တရာယ်မှာလည်း စိုးရိမ်စရာဖြစ်နေရကြောင်း AAPP က ဖော်ပြသည်။

ဇူလိုင် ၂ ရက်တွင်လည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ဦးစိန်ဝင်း၏ မိသားစုထံသို့ ဦးစိန်းဝင်းမှာ ဇူလိုင် ၂ ရက်တွင် မြင်းခြံထောင်အတွင်း အစာအိမ်သွေးကြောပေါက်၍ သေဆုံးသွားသည်ဟု အကြောင်းကြားခဲ့သည်။ သို့သော်လည်း အကျဉ်းထောင်အသိုင်းအဝိုင်းမှ ဦးစိန်ဝင်းအား ထောင်ပြင်သို့ခေါ်ထုတ်ပြီး စစ်ကြောရေးလုပ်ရာတွင် ပါဝင်ခဲ့ကြောင်း ထောင်တွင်းရှိအကျဉ်းသားများထံမှ သိရှိရပြီး သေဆုံးချိန်တွင် အညိုအမည်းဒဏ်ရာများ တွေ့ရှိရကြောင်း မိသားစုအသိုင်းအဝိုင်းမှ သိရှိရသည်။

အလားတူ ဇွန်လ ၇ ရက်တွင် နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင်နှင့် အမဖြစ်သူတို့ကို ပျူစောထီးများမှ နေအိမ်သို့ လာရောက်သတ်ဖြတ်ခဲ့ပြီး ဇူလိုင် ၆ ရက်တွင် ကိုကောင်းဇာနည်ဟိန်းနှင့် ကိုကျော်သူရတို့နှစ်ဦးကို စစ်တပ်မှ သတ်ဖြတ်ခဲ့ကြောင်း စစ်တပ် အသိုင်းအဝိုင်းမှ ဖေါ်ထုတ်ရေးသားမှုများ ရှိခဲ့သည်။

စစ်​ကောင်စီက ဖမ်းဆီး​ထောင်ချပြီး​နောက်​သတ်ဖြတ်ခံရ​သောကိုကောင်းဇာနည်ဟိန်း၊ ကိုကျော်သူရ
စစ်​ကောင်စီက ဖမ်းဆီး​ထောင်ချပြီး​နောက်​သတ်ဖြတ်ခံရ​သောကိုကောင်းဇာနည်ဟိန်း၊ ကိုကျော်သူရ

အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအား ယခုကဲ့သို့ လက်လွတ်စပယ် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေသည့် လုပ်ရပ်မှာ ပြည်တွင်းဥပဒေများကိုသာမက နိုင်ငံတကာဥပဒေများကိုပါ ကျူးလွန်နေသည်မှာ အထင်အရှားဖြစ်နေကြောင်း AAPP က ဖော်ပြသည်။

ထိုသို့ သတ်ဖြတ်မှုများ မှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများကို ဥပဒေမဲ့ ရက်ရက်စက်စက်သတ်ဖြတ်သည့် ဖက်ဆစ်နာဇီတို့၏ လုပ်ရပ်များနှင့်ထပ်တူဖြစ်နေပါသည် ဟု AAPP က ဆိုသည်။

“လက်ရှိအကြမ်းဖက်စစ်အုပ်စုက အခုလက်ရှိအခြေအနေမှာဆိုရင် အရက်စက်ဆုံး၊ အကြမ်းကြုတ်ဆုံး တကယ့်ကို လူမဆန်တဲ့သူတွေလို့ ပြောလို့ ရနေပြီပေါ့နော်။ အခုလိုကိစ္စမျိုးမှာ ကိုယ်တိုင်ကိုယ်ကျကျူးလွန်တဲ့သူတွေ၊အားပေး၊ မြှောက်ပေးတဲ့သူတွေ၊ အမိန့်ပေး စေခိုင်းသူတွေ ဒီလိုမျိုးလုပ်နေမှန်းသိသိနဲ့ ပြစ်မှုတွေကို ထိန်ချန်ထားတဲ့သူတွေ အားလုံးက တချိန်မှာ သေချာပေါက် အပြစ်ပေး အရေးယူခံရမှာ” ဟု AAPP မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ဆက်လက်ပြီး ၎င်းက“နောက်တစ်ခုကအခုလိုမျိုးရက်ရက်စက်စက် အသတ်ခံရတယ်။ အကျဥ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေမှာ ကျဆုံးသွားတဲ့ နိုင်ကျဥ်းတွေ၊ ကျွန်တော်တို့ ရဲဘော်တွေ အသက်ပေးလိုက်ရတာ အလဟဿမဖြစ်စေရဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက်၊ စွမ်းအားရှိသလောက် တရားမျှတမှု ပြန်ရဖို့အတွက် တစိုက်မတ်မတ် ကျွန်တော်တို့ ဆက်ပြီးတော့ ကြိုးစားသွားမယ်ဆိုတာ စတိတ်မန့်ထဲမှာလည်း ဖော်ပြပြီးသားဖြစ်တယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ သေချာပေါက် အချည်းနှီးမဖြစ်စေရပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ် စွမ်းဥာဏ်စွမ်းရှိသလောက် ဒါတွေကို ဆက်ပြီး တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးချိန်မှစပြီး တရားဥပဒေစိုးမိုးရေး ပျက်ပြယ်သွားခဲ့ပြီး အကြမ်းဖက် စစ်အုပ်စု၏ အမာခံထောက်တိုင်များဖြစ်ကြသည့် တရားသူကြီးများ၊ စစ်သားများ၊ ရဲများ၊ အကျဉ်းဦးစီးဝန်ထမ်းများက စစ်အုပ်စုအလိုကျ မတရားဖမ်းဆီးခြင်း၊ ဥပဒေမဲ့မတရားပြစ်ဒဏ်များ ချမှတ်ခြင်း၊ အကျဉ်းထောင်အသီးသီးတွင်လည်း နိုင်ငံရေးအကျဉ်းသားများအား ရည်ရွယ်ချက်ရှိရှိဖြင့် ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အနိုင်ကျင့်စော်ကားခြင်းများ ပြုလုပ်နေကြောင်း AAPP က ထုတ်ပြန်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယခုဖြစ်စဉ်များအပါအဝင် မြန်မာနိုင်ငံအတွင်း နေ့စဉ်ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဥပဒေမဲ့သတ်ဖြတ်မှုများနှင့် မတရားညှဉ်းပန်း နှိပ်စက်မှုများသည် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ဥပဒေများအား ကျူးလွန်နေခြင်းဖြစ်ပြီး အဆိုပါကျူး လွန်မှုများကို ပြည်တွင်းတရားစီရင်ရေးကဏ္ဍအတွင်း ကိုင်တွယ်အရေးယူနိုင်ခြင်း မရှိသည့်အတွက် နိုင်ငံတကာတရားစီရင်ရေး ယန္တရားများတွင် အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြရန် AAPP က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

သတင်း

ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် တိုင်းဗဟို(၉)ဟုခေါ်ဆိုသည့် အမှတ်(၉) တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်း မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များသည် လမ်းတွင်​​တွေ့​​သောပြည်သူများကို ဓါးစာခံအဖြစ် ဖမ်းဆီး၍ ၎င်းတို့ထဲမှ လူငယ်များကို နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ကျန်သူများကိုလည်း နှိပ်စက်ကာ သတ်ဖြတ်ရန် စီစဉ်​နေစဥ် ရက္ခိုင့်တပ်တော်(AA)က ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူ အချို့က ပြောကြားသည်။ တိုင်းဗဟို(၉)အပါအဝင်...