စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ချင်းတွင်းမြစ်အတွင်း နယ်မြေရှင်းလင်းနေစဥ် အမြန်ရေယာဥ်တစ်စီးပေါ်ပါလာသည့် ပျူစောထီးများ၏ ရိက္ခာများအား သိမ်းဆည်းရရှိခဲ့ကြောင်း Dragon Brothers Task Force(D.B.T.F)အဖွဲ့က ပြောသည်။
ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်က မုံရွာမြို့မှ နမ့်တောသို့ ထွက်ခွာလာသော ကုန်တင်အမြန်ရေယာဥ်တစ်စင်းပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ပန်းဆက်ရွာမှ ပျူစောထီးများထံပို့မည့် ရိက္ခာနှင့် ကုန်ပစ္စည်းများ တင်ဆောင်လာကြောင်း သတင်းရ၍ ထိန်းသိမ်းခဲ့ကြောင်း Dragon Brothers Task Force(D.B.T.F)အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပျူတွေတော့ မပါပါဘူး။ ရိက္ခာတွေပဲ တင်ပေးလိုက်တာပါ။ သယ်လာပေးတဲ့သူတွေကိုတော့ နောက်နောင်မသယ်ယူလာဖို့ ခံ၀န်ထိုးခိုင်းလိုက်တာပါ။ ပန်းဆက်ရွာကတင်မကသေးဘဲ အနီးနားက ပျူရွာတွေရဲ့ပစ္စည်းတွေရောပါပါတယ်။”ဟု D.B.T.Fအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
သိမ်းဆည်းခဲ့သော ရိက္ခာများကို စစ်ရှောင်ပြည်သူများအား ပြန်လည်လှူဒါန်းပေးသွားမည်ဟု D.B.T.F အဖွဲ့က ပြောသည်။

Public Service Announcement
ထို့အပြင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် နယ်မြေစိုးမိုးရေးနှင့်ရှင်းလင်းရေးများကို အရှိန်အဟုန်မြှင့်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နဂါးညီနောင်အထူးတပ်ဖွဲ့ Dragon Brothers Task Force(D.B.T.F)က အသိပေးသည်။
DBTF အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း အမြန်ရေယာဥ်တစ်စီးပေါ်တင်ဆောင်လာသည့် ပျူစောထီးများ၏ ကုန်နှင့်ရိက္ခာများကို သိမ်းဆည်းနိုင်ခဲ့သည်။


















































