မြန်မာ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး တစ်ဦးနဲ့ သူ့မိသားစု ပျောက်နေတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း မလေးရှား ရဲတပ်ဖွဲ့က ကြေညာပါတယ်။
အသက် ၄၆ နှစ်အရွယ် မသူဇာမောင်၊ ခင်ပွန်း စောသန်းတင်ဝင်းနဲ့ သားသမီး ၃ ယောက်တို့ဟာ အခုလထဲမှာ ပြန်ပေးဆွဲခံရတယ်လို့ ယူဆရတဲ့ အခြေအနေကြောင့် ပျောက်ဆုံးနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ပြောပါတယ်။သူတို့သားသမီး သုံးဦးဟာ အသက် ၂၁ နှစ်အရွယ်အောင်မြင့်မောင် ၊ အသက် ၁၇ နှစ်အရွယ် သုခမောင် ၊အသက် ၁၆ နှစ်အရွယ် ပိုးခိုင်မောင် တို့ဖြစ်ပါတယ်။
ဆီလန်ဂါ ပြည်နယ်ထဲက မသူဇာမောင်ရဲ့ နေအိမ်တဝိုက်မှာ ရှိတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေနဲ့ မျက်မြင်သက်သေတွေရဲ့ အဆိုကို ကိုးကားပြီး ဇူလိုင် ၄ ရက်တုန်းက မသူဇာမောင်တို့ မိသားစုလိုက် ပြန်ပေးဆွဲခံရတဲ့ အခြေအနေမျိုး ရှိနိုင်တယ်လို့ HRWက ယူဆထားပါတယ်။
HRWရဲ့ အာရှ ဌာနခွဲ ဒါရိုက်တာ အီလိန်း ပီယာဆန်က မလေးရှား အစိုးရ အနေနဲ့ မသူဇာမောင်တို့ မိသားစုကို အမြန်ဆုံး လိုက်ရှာဖွေပြီး သူတို့ရဲ့ လုံခြုံရေးအတွက် ဂရုတစိုက် လုပ်ဆောင်စေလိုတယ်လို့ ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
ဆီလန်ဂါ ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ ဟူစိန် အိုမာခန်းကလည်း မသူဇာမောင်တို့ မိသားစု ပျောက်ဆုံးနေကြောင်း တိုင်ကြားချက်ကို လက်ခံရရှိပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း ပြောပါတယ်။ စုံစမ်း စစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်မပြောပေမယ့် ပြန်ပေးဆွဲမှု အပါအဝင် ရာဇဝတ်မှု ဖြစ်နိုင်ခြေတွေ အားလုံးကို ထည့်သွင်း တွက်ချက်ထားတယ်လို့ သူက ဆိုပါတယ်။
မလေးရှား အစိုးရဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ရှုတ်ချ ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း စစ်တပ်ကို စွန့်ခွာလာသူတွေ အပါအဝင် ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို နယ်နှင်ပြီး နေရပ်ပြန်ပို့တာမျိုးတွေ လုပ်နေပါတယ်။
မသူဇာမောင်ဟာ မြန်မာနိုင်ငံမှာမွတ်ဆလင်တွေကို ပစ်မှတ်ထား ရန်လိုမှုတွေ ကြီးထွားလာချိန် ၂၀၁၅ ခုနှစ်တုန်းက မလေးရှားကို ထွက်ပြေး ခိုလှုံခဲ့သူပါ။ ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ သူက ထဲထဲဝင်ဝင် ပါဝင်ကူညီခဲ့တာကြောင့် စစ်တပ် လိုလားသူတွေရဲ့ ပိုမို မုန်းတီးခြင်းကို ခံနေရပါတယ်။ မသူဇာမောင်နဲ့ မိသားစုဝင်တွေ ပျောက်ဆုံးမှုမှာ ဘယ်အစုအဖွဲ့က တာဝန်ရှိသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
မသူဇာမောင်ဟာ မြန်မာမွတ်ဆလင် ဒုက္ခသည် လူ့အဖွဲ့အစည်းကို ဦးဆောင်နေပြီး သူ့ရဲ့ Facebook စာမျက်နှာမှာ Followerပေါင်း ၉၃၀၀၀ ကျော် ရှိပါတယ်။ သူဟာ အဲဒီ Facebook စာမျက်နှာကနေတဆင့် မြန်မာ စစ်အာဏာရှင်တွေရဲ့ ကြမ်းကြုတ် ရက်စက်မှုတွေကို မကြာခဏ ထောက်ပြ ဝေဖန်လေ့ ရှိပါတယ်။
မသူဇာမောင် ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ကွာလာလမ်ပူမှာရှိတဲ့ စစ်ကောင်စီရဲ့ သံရုံးကတော့ လောလောဆယ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။
လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ ကားတစ်စီးဟာမသူဇာမောင်တို့ မိသားစု နေထိုင်ရာ အိမ်ရာဝင်းထဲ မောင်းဝင်သွားခဲ့တာ တွေ့ရပြီး လုံခြုံရေး အစောင့်ကို ယာဉ်မောင်းက သူတို့ဟာ ရဲတွေပါလို့ ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း စစ်ဆေးမှုတွေအရ ကားဟာ နံပါတ်ပြားအတု အသုံးပြုထားကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။ နောက်ထပ် ၂ နာရီလောက် အကြာမှာတော့ မသူဇာမောင်နဲ့ ဖုန်းပြောနေတဲ့ အမျိုးသမီး တစ်ဦးက မသူဇာမောင်တို့ အိမ်ထဲ လူစိမ်းတွေ ဝင်ရောက်လာတယ် ဆိုတာကို ပြောဆိုနေသံတွေ ကြားလိုက်ရကြောင်း HRWရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ပိုင်းမှာတော့ အိမ်ရာဝင်းထဲ ဝင်လာတဲ့ကားရယ်၊ မသူဇာမောင်တို့ မိသားစု ပိုင်ဆိုင်တဲ့ ကားနှစ်စီးရယ် ရှေ့ဆင့်နောက်ဆင့် မောင်းနှင် ထွက်ခွာသွားတာကို လုံခြုံရေး ကင်မရာတွေက မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တစ်မိသားစုလုံးရဲ့ လက်ကိုင်ဖုန်းတွေပါ ပိတ်ထားပြီး အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရပါတယ်။
ကိုးကား-ရိုက်တာ၊SCMP
