ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ယာဥ်တစ်စီးကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇူလိုင် ၁၇ ရက် နံနက် ၁၁ နာရီကျော်က စစ်ကောင်စီတပ်မှ အင်အား ၁၀ ဦးခန့်လိုက်ပါပြီး ထား ဝယ်မြို့နယ်ဘက်မှ သရက်ချောင်းဘက်သို့ မောင်းနှင်လာသော Vigo အမျိုးအစားယာဥ်တစ်စီးကို သင်းကျွန်းကျေးရွာနှင့် သရက်နှစ်ခွကျေးရွာကြား မြိတ်-ထား ဝယ်လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မိုင်းဆွဲပြီးတာနဲ့ ကားကတော့ တခါထဲမောင်းပြီးတော့ သွားတယ်။ ကားပျက်စီးမှုကတော့ မရှိဘူးပေါ့နော်။ ဒါပေမဲ့ စကစကတော့ အနည်းဆုံးတော့ ထိခိုက်သေဆုံးရှိနိုင်တယ်”ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောင်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း စာရင်းအတည်အကျအား အတည်ပြုစုံစမ်းဆဲဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။
အလားတူ ယင်းနေ့(ဇူလိုင် ၁၇)ညနေပိုင်းတွင် ထားဝယ်မြစ်အတွင်း စက်လှေမောက်၍ သေဆုံးသွားသော စစ်ကောင်စီတပ်မှ ရုပ်အလောင်းများလာတင်သည့် ယာဥ်သုံးစီးကို သရက်ချောင်းမြို့နယ် လဘကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။
