▪︎ထိုငွေများစစ်ကောင်စီထုတ်ယူသုံးစွဲမရရန် ကြားကာလဗဟိုဘဏ်နှင့် အကြံပေးရှောင်တာနယ်တို့ ပူးပေါင်းဆောင်ရွက်နေ
စင်ကာပူရှိဘဏ် ၃ ဘဏ်တွင် မြန်မာနိုင်ငံတော်ပိုင်အရံငွေ ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံပိတ်မိနေပြီး ထိုငွေများကို စစ်ကောင်စီထုတ်ယူသုံးစွဲခွင့်မရအောင်လုပ်ဆောင်နေကြောင်း NUG၏ ကြားကာလဗဟိုဘဏ်ဥက္ကဌနှင့် ဘဏ္ဍာရေး၊စီမံကိန်းနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောသည်။
ထိုသို့ စစ်ကောင်စီထုတ်ယူခွင့်မရရန်အတွက် NUG၏ကြားကာလဗဟိုဘဏ်နှင့် ဗဟိုဏ် အကြံပေးရှောင်တာနယ်တို့ တိုင်ပင်ပြီး တရားဝင်လမ်းကြောင်းမှ ချိတ်ဆက်ပြီးဆောင်ရွက်နေကြောင်း ၎င်းကဆက်ပြောသည်။
“ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံက စင်ကာပူဘဏ်ကြီး ၃ခုမှာ ပြန့်ခွဲပြီး အပ်ထားတာရှိပါတယ်။ ဒါနဲ့ပတ်သတ်ပြီး စစ်ကောင်စီက ထုတ်ယူသုံးဆွဲခွင့်မရအောင် ကြားကာလဗဟိုဘဏ်အနေနဲ့ ဗဟိုဘဏ်အကြံပေး ရှောင်တာနယ်တို့တိုင်ပင်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ တရားဝင်လမ်းကြောင်းကလည်း ချိတ်ဆက်ပြီး ဆောင်ရွက်နေပါတယ်”ဟု ဦးတင်ထွန်းနိုင်က ယနေ့ (ဇူလိုင် ၂၀)ပြုလုပ်သော နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အကြိုဖွင့်လှစ်ကြောင်းကြေညာခြင်းနှင့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement
အဆိုပါငွေများသည် နိုင်ငံတော်၏ အရံငွေများဖြစ်ပြီး NUGက ရရှိထားသည့် အချက်အလက်များအရ ထိုပမာဏရှိကြောင်းသိရခြင်းဖြစ်သည်ဟု ဆိုသည်။ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံသည် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်၊ MFTBဘဏ်နှင့် MICBဘဏ်တို့က corresponding accountများအဖြင့်ခွဲဝေအပ်ထားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ Corresponding account သည် ဘဏ်လုပ်ငန်းအဖွဲ့အစည်းတစ်ခုက အပ်ငွေများလက်ခံရယူရန်၊ ကိုယ်စားငွေပေးချေမှုများ ပြုလုပ်ရန် သို့မဟုတ် အခြားဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုကို ငွေကြေးလွှဲပြောင်းမှုများဆောင်ရွက်ရန်အတွက် အခြားဘဏ်လုပ်ငန်းအဖွဲ့အစည်းတစ်ခုတွင် ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်တစ်ခုဖြစ်သည်။အဆိုပါငွေများကို စင်ကာပူဘဏ် ၃ ဘဏ်တွင် ဘဏ်အကောင့်များဖြင့် ခွဲဝေဖွင့်ထားခြင်းဖြစ်သည်ဟုလည်းသိရသည်။
ထိုအပြင် နိုင်ငံတော်အရံငွေ ဒေါ်လာ တစ်ဘီလီယံကျော်သည်လည်း အမေရိကန်ဘဏ်တွင် ပိတ်မိနေပြီး ထိုငွေများပြန်ရရန် အမျိုးသားညီညွတ်ရေးအစိုးရက အမေရိကန်အစိုးရကို တရားဝင်တောင်းဆိုထားသည်ဟုလည်း NUGဝန်ကြီးက ပြောသည်။
“တော်လှန်ရေးအင်အားစုတွေကနိုင်နိုင်ချေရှိမှ၊ ပြတ်ပြတ်သားသားနိုင်မှာထင်မှ ရနိုင်မှာပါ။ လက်ရှိအခြေအနေကမရနိုင်သေးဘူး”ဟု ဦးတင့်ထွန်းနိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံတော်အရံငွေများကို စစ်ကောင်စီကထုတ်ယူသုံးစွဲ၍ မရရှိစေရန် နိုင်ငံတကာအစိုးရများက ထိုငွေများထုတ်ယူခွင့်မရှိအောင် ပိတ်ပင်ရန်ကြိုးစားနေခြင်းဖြစ်သည်။
ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် နိုင်ငံတော်အရံငွေများကို အမေရိကန်၊ စင်ကာပူနှင့် အခြားနိုင်ငံများရှိ ဘဏ်များတွင် နိုင်ငံတော်အရံငွေများကို အပ်နှံထားခဲ့ခြင်းဖြစ်သည်။
ထိုအပြင် အမေရိကန်နိုင်ငံကလည်း စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံတော်ဘဏ်ကြီးနှစ်ခုဖြစ်သည့် MFTBဘဏ်နှင့် MICBဘဏ်တို့ကို ဇွန်လအတွင်း အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့သဖြင့် စစ်ကောင်စီအတွက် ဒေါ်လာလဲလှယ်ရန် ခက်ခဲသွားပြီး ဒေါ်လာလိုအပ်ချက်မြင့်မားနေသည်။
