နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော အာဇာနည်များနှင့် စစ်ကောင်စီက မတရားကြိုးမိန့်ပေးသတ်ဖြတ်ခံခဲ့ရသူများကို အောက်မေ့သတိရသည့်အနေဖြင့် ယနေ့ (ဇူလိုင် ၂၃) နံနက် ၁၀နာရီတွင် အွန်လိုင်းလှုပ်ရှားမှုပြုလုပ်မည်ဟု တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။
ဇူလိုင် ၂၃ရက်သည် အာဏာသိမ်းစစ်တပ်၏ ပထမဆုံး မတရားကြိုးပေးသတ်ဖြတ်မှုခံခဲ့ရသည့် ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုအောင်သူရဇော် ၊ ကိုလှမျိုးအောင်တို့၏ နှစ်ပတ်လည်ဖြစ်သည်။
“မနက် (၁၀) နာရီတွင် ပြည်သူလူထုနှင့်အတူ ဥဩသံဆွဲခြင်း၊ တော်လှန်ရေးအစိုးရဖြစ်သော NUG သမ္မတကြီးမှ မိန့်ခွန်းပြောကြားခြင်း၊ သမ္မတကြီးနှင့်တကွ ဦးမင်းကိုနိုင်၊ ပဒိုစောတာဒိုးမှူး၊ မနီလာသိန်းတို့မှ ဂုဏ်ပြုအမှတ်တရ စကား ပြောကြားပေးမည့်အခမ်းအနားကို တော်လှန်ရေး Facebook သတင်း Media Page များနှင့်mizzima TV ရုပ်သံများမှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မည် ဖြစ်ကြောင်း ပြည်သူလူထုထံ အသိပေးအပ်ပါသည်။” ဟု ကြေညာထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း ယင်းလှူပ်ရှားမှုတွင် ပါဝင်ပေးကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။

Public Service Announcement
“ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ ဒီကျဆုံး အာဇာနည်များ၊ သူရဲကောင်းများရဲ့ ဂုဏ်ကျေးဇူးကို တကယ်သိကြ၊ လေးစားကြ၊ တန်ဖိုးထားကြပါတယ်ဆိုရင် သူတို့တွေ မျှော်ရည်လျှောက်လှမ်းခဲ့ကြတဲ့ ခရီးဆုံးပန်းတိုင်ကို မဖြစ်မနေ၊ မရောက် ရောက်အောက် ဆက်လက်ချီတက်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီပန်းတိုင်ကတော့ အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းတဲ့၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ တန်းတူညီမျှခြင်းဆိုတဲ့ လောကပါကတရားတွေ ထွန်းကားရာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီးပဲ ဖြစ်ပါတယ်။” General Strike Coordination Body – GSCB ကဆိုသည်။
ထို့ပြင်လတ်တလော၌ အကြမ်းဖက်စစ်ကောင်စီသည် ထောင်အတွင်းမှနိုင်ငံရေးအကျဉ်းသားများကို ရက်ရက်စက်စက် နှိပ်စက်ညှင်းပန်းမှုများပြုလုပ်နေပြီး နိုင်ငံတကာဖိအားများလာသည်နှင့်အမျှ ထောင်တွင်းမှ နိုင်ငံရေးသမားများကို ဓားစာခံအနေနဲ့ ပိုမိုဖိနှိပ်နေခြင်းဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


















































