ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်သားများ ဖမ်းသွားသည့် ခရစ်ယာန်ဓမ္မဆရာတစ်ဦးနှင့် သင်းထောက်လူကြီးများ သတ်ဖြတ်ခံလိုက်ရပြီဟုယူဆကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။
ဇူလိုင် ၁၆ရက်တွင် မင်းတပ်မြို့ အနောက်ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်း စစ်ဘေးရှောင်စခန်းအတွင်း ရပ်ထားသည့် ဆိုင်ကယ်များလွန်းသည်ဟု အကြောင်းပြလျက် အရက်သေစာများ သုံးစွဲမူးယစ်နေသည့် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)တပ်ရင်း၏ စစ်ကောင်စီတပ်သားများက စစ်ဘေးရှောင် ပြည်သူများကို ကူညီဆောင်ရွက်ပေးသည့် မင်းတပ်(ချင်း) အမျိုးသား ခရစ်ယာန်ဓမ္မဆရာ တစ်ဦးနှင့် သင်းထောက်လူကြီးများ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ ခရစ်ယာန်ဘုရားကျောင်းရှိ စစ်ရှောင်စခန်းသည် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူများအရေး မိသားစုဝင်များ၊ ဘာသာရေးခေါင်းဆောင်များက မေးမြန်းစုံစမ်းရာတွင် ၎င်းတို့ကို ထိန်းသိမ်းထားကာ စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု စစ်ကောင်စီတပ်က ကနဦး အကြောင်းပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖမ်းဆီးမှုမရှိဟု ငြင်းဆိုခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement
ဇူလိုင် ၂၆ရက် တွင် ဒုတိယအကြိမ် ထပ်မံမေးမြန်းရာ၌ ဖမ်းဆီးခံရသူများကို မသိကြောင်းသာ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဖမ်းခံရသူများသည် မေးမြန်းနှိပ်စက်ရာတွင် အသက်သေဆုံးသွားကြသည်ဟု ယူဆကြောင်း မင်းတပ်(ပအဖ)က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ အဆိုပါ လူမဆန်စွာအပြစ်မဲ့ ဘာသာရေးဓမ္မဆရာနှင့် သင်းထောက်လူကြီးများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်ခြင်းကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြသည်။
ထို့အပြင် မင်းတပ်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ ဖက်စစ်သရုပ်မှန်ကို သိရှိနားလည်ပြီး စစ်ကောင်စီအား အမြစ်ဖြတ်တော်လှန်ရေးတွင် ဆက်လက် ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။
အဆိုပါ ဓမ္မဆရာအပါအဝင် သုံးဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မင်းတပ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ယမန်နေ့တွင် ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားရာ ဖမ်းဆီးခံရသူ သုံးဦးကို စစ်ကောင်စီက ခလရ(၂၇၄) အဝင်ဂိတ်၌ ရိုက်နှက်ထိုးကြိတ်ပြီး တပ်ထဲသို့ခေါ်ဆောင်သွားသည်ကို နောက်ဆုံးကြားသိခဲ့ရသည်ဟု အသိပေးသည်။
“ယနေ့ ထပ်ကြားသိရသည်မှာ ၎င်းပြည်သူ ၃ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ကြပြီး အလောင်းပါ အစဖျောက်ပစ်ကြတယ်လို့ ကြားသိရပါတယ်။ အတည်ပြုနိုင်ရန်အတွင်းထဲ ထပ်စုံစမ်းနေပါတယ်။တကယ် စိတ်မကောင်းဖြစ်မိတယ်ဗျာ။ သတင်းမှား ဖြစ်ပါစေလို့ ဆုတောင်းနေရတယ်”ဟု အဆိုပါ သတင်းရင်းမြစ်က ဇူလိုင် ၂၆ရက် ညပိုင်း၌ ရေးသားထားသည်။
တော်လှန်ရေးမပြီးမချင်း စစ်ကောင်စီတပ်များ၏ ယုတ်မာမှုများ ဆက်ရှိနေအုံးမည်ဖြစ်၍ မြို့ပေါ်နေ ပြည်သူများ ဂရုစိုက်သွားလာနေထိုင်ကြရန်လည်း ဒေသခံ သတင်းရင်းမြစ်က တိုက်တွန်းထားသည်။
