Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ် ရေလယ်ကျွန်း PDFနှင့် မြင်းခြံ MG6 ပြောက်ကျားတပ် အချင်းချင်းပစ်ခတ်မှုဖြစ်၊ MG6 အဖွဲ့ခေါင်းဆောင် သေဆုံး

MG6 ပြောက်ကျားတပ်က ဩဂုတ် ၃ရက်ညပိုင်းတွင် ရေစကြိုမြို့နယ် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရန် ကြိုးပမ်းရာမှ နောက်ဆက်တွဲပစ်ခတ်မှု ဖြစ်ပေါ် လာခြင်းဖြစ်သည်ဟု ဆိုသည်။

(MG6ပြောက်ကျားတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MG6)
(MG6ပြောက်ကျားတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MG6)

▪️ရပ်ကျေး(ပအဖ)တစ်ဦး၏ မိသားစုအား MG6 ဖမ်းဆီးရာက ပစ်ခတ်မှုစတင်ခဲ့ဟုဆို

▪️ပစ်ခတ်မှုဆက်မဖြစ်တော့ဘဲ နှစ်ဖက်ညှိနှိုင်းရန် လုပ်ဆောင်နေဟုဆို

▪️တိုင်ကြားမှုဆိုင်ရာ ကော်မတီတစ်ရပ်ဖွဲ့စည်းထားဟု NUG ကာကွယ်ရေး ချက်ချင်းထုတ်ပြန်

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းရှိ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် မြင်းခြံ MG6 ပြောက်ကျားတပ်တို့ ယနေ့နံနက်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး MG6 ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် သေဆုံးသွားသည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

MG6 ပြောက်ကျားတပ်က ဩဂုတ် ၃ရက်ညပိုင်းတွင် ရေစကြိုမြို့နယ် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရန် ကြိုးပမ်းရာမှ နောက်ဆက်တွဲပစ်ခတ်မှု ဖြစ်ပေါ် လာခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့ကတော့ သူ(MG6 ပြောက်ကျားတပ်)က ရပ်ကျေး(ပအဖ)တစ်ဦးကို ဝင်ဖမ်းတာ။ ဘယ်သူ့မှလည်း မပြောဘဲနဲ့ MG6က ဝင်ဖမ်းတာ။ဖမ်းတော့ မတွေ့ဘူးပေါ့။ မတွေ့တော့ သူ့မိန်းမနဲ့ ကလေးတွေပေါ့ ၆နှစ်အရွယ် ကလေးနဲ့ ၁၃နှစ်အရွယ် ကလေးကိုဖမ်းသွားတာ။ ဖမ်းသွားတော့ ရပ်တွေရွာတွေက မခံမရပ်နိုင်တော့ လူသူလက်နက် စုပြီးရေလယ်ကျွန်းမှာရှိတဲ့ Local အဖွဲ့တွေရော ရပ်ကျေးတွေရော လိုက်တောင်းတာ။ တောင်းတာကို ထုတ်မပေးတော့ ပစ်ခတ်တဲ့ ကိစ္စတွေဖြစ်ကုန်တာ”ဟု ရဲဘော်ဝေကြီးက ပြောသည်။

သို့​သော်​ဒေသခံအချို့က ယနေ့( သြဂုတ်လ ၄ ) နံနက်ပိုင်းက ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ ကန်ဦးကျေးရွာတွင် မြင်းခြံအခြေစိုက် MG6 ပြောက်ကျားတပ်ဖွဲ့တပ်ရင်းမှူး ဗိုလ်ကျော်လင်းထွန်းအား ဝိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ ကျဆုံးသွားကြောင်းပြောသည်။

Public Service Announcement

Public Service Announcement

“ရင်း ၅က နှစ်ယောက်တော့ကျသွားတယ်လို့ သိရတယ်။ ကျန်တဲ့သူတွေတော့ လိုက်ရှာနေတယ်ပြောတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခဲ့သူများမှာရေလယ်ကျွန်းတပ်ပေါင်းစုကရဲဘော်များပါဝင်သည်ဟု ပြောဆိုနေသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်ခံရသည့် MG6 ပြောက်ကျားတပ်ဖွဲ့နှင့် ရေလယ်ကျွန်းတပ်ပေါင်းစုထံPeople’s Spring က ဆက်သွယ်ထားသော်လည်း လက်တလောဆက်သွယ်၍ မ​ရသေးပေ။

“ကျွန်တော်တို့အနေနဲ့တော့စိတ်မကောင်းဘူး။ တော်လှန်ရေးအဖွဲ့အချင်းချင်း ခုလိုဖြစ်တာ။ ကျွန်တော်တို့သွားရမယ့်ခရီးတွေ နှောင့်နှေးနိုင်တယ်လို့ထင်တာပေါ့ဗျာ။ လက်နက်တွေကိုင်ပြီး ကိုယ့်အချင်းချင်းပြန်ပစ်ကြတယ်ဆိုတော့ သမိုင်းလည်းမကောင်းဘူး။”ဟု မြေလတ်ဒေသခံတစ်ဦးက ပြောသည်။

မြင်းခြံအခြေစိုက် MG6 ပြောက်ကျားတပ်ဖွဲ့သည် နယ်မြေချင်းထိစပ်နေသည့် ရေစကြိုရေလယ်ကျွန်းဒေသတွင်ပါ စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်ခဲ့သည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ယခုကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုသည် ရေစကြိုနယ်၌ ပထမဆုံးဖြစ်သည်ဟုသိရသည်။

“အခုတော့ အခြေအနေက ငြိမ်နေတာပဲ။ ထိခိုက်မှုကတော့ MG6က ခေါင်းဆောင် မောင်ချမ်းကတော့ သေသွားတယ်။ သေသွားပြီး ကျန်ခဲ့တဲ့ ရဲဘော်နဲ့ လက်နက်တော့ ကျနော်တို့က ပြန်လည်ပစ်ခတ်တာတွေ ထပ်ပြီး ပစ်ခတ်တာတွေ မလုပ်ဖို့ ပကဖ အနေနဲ့ တားထားတယ်။ တားပြီးတော့မှ ပကဖဆီမှာလာပြီး နေဖို့နဲ့လက်နက်တွေအပ်ဖို့ ပြီးတော့ ငြိမ်းချမ်းစွာဖြေရှင်းဖို့ ဆိုပြီး အခုပြောထားတယ်”ဟု ရဲဘော်ဝေကြီးက ပြောသည်။

ထို့ကြောင့် MG6ပြောက်ကျားတပ်မှ တပ်ဖွဲ့ဝင်အချို့ရောက်ရှိနေသည်ဟု ဆိုသည်။

PDF အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားသည့် ယနေ့ပင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် တစ်ရပ်ထုတ်ပြန်ကာ တိုင်ကြားမှုဆိုင်ရာ ကော်မတီတစ်ရပ်ဖွဲ့စည်းထားကြောင်း အသိပေးထုတ်ပြန်သည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူလူထု၏ အသက်၊ ဘဝနှင့် ပုဂ္ဂလိကပိုင်ဆိုင်မှုများအား နှောင့်ယှက်ဖျက်ဆီးခံရမည့်အရေးကို ကာကွယ်နိုင်ရန်၊ ပြည်သူ့ခုခံစစ်နှင့် ပြည်သူ့တော်လှန်ရေးကာလအတွင်း ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ စစ်ဘက်ရာဇဝတ်မှုများကို စုံစမ်း၊ စစ်ဆေး၊ ကြားနာ၊ ဖော်ထုတ်နိုင်ရန်၊ တရားဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်တရားစီရင်နိုင်ရေးအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပြီး ယခုနှစ်မေလတွင် တိုင်ကြားမှုများဆိုင်ရာကော်မတီကို ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။

ယင်းတိုင်ကြားမှုများဆိုင်ရာကော်မတီသည် ပြည်သူ့ခုခံစစ်နှင့် ပြည်သူ့တော်လှန်ရေးကာလ အတွင်း တရားမျှတမှုကို ဖော်ဆောင်နိုင်ရန်နှင့် ပြည်သူလူထုက တရားမျှတမှုကို ရရှိနိုင်သည်ဟု ယုံကြည်လာနိုင်စေရန်အတွက် ဦးတည်ဆောင်ရွက်လျက်ရှိရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအကြား ပဋိပက္ခများအား ထိန်းညှိဖြေရှင်းနိုင် စေရန် အချက်လည်း ပါဝင်သည်ဟု ထုတ်ပြန်သည်။

တိုင်ကြားမှုများဆိုင်ရာကော်မတီသည် ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဦးစီးဌာနများ၊ ကော်မတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်သက်ဆိုင်သည့် တိုင်ကြားမှုများအား ကော်မတီ၏လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးထားသည်။

MG6 ပြောက်ကျားတပ်သည် ရေစကြိုနယ်တွင် ဝင်ရောက်လှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်ပြီး ဒေသတွင်း အဖွဲ့အချို့နှင့် အဆင်မပြေဟု ​ရေစကြိုပကဖ ရဲ​ဘော်​ဝေကြီးက​ပြောသည်။

MG6က ရေလယ်ကျွန်းဒေသ နယ်မြေခံအဖွဲ့အချို့နှင့် ပြည်သူလူထုအပေါ် ဗိုလ်ကျ အနိုင်ကျင်သည့်လုပ်ရပ်များ ကျူးလွန်ခဲ့၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ တိုင်ကြားခံထားရသည်ဟု ပကဖကဆိုသည်။

MG6 ပြောက်ကျားတပ်သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန မြင်းခြံခရိုင် တပ်ရင်း(၅) ဖြစ်သည်ဟုလည်း သိရသည်။

ယခုပစ်ခတ်မှုနှင့်ပတ်သက်ပြီး MG6ပြောက်ကျားတပ်ကတစုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

MG6 ပြောက်ကျား အဖွဲ့ဝင်အချို့က မြေလတ်အသံသို့ ပြောကြားချက်တွင် ရေလယ်ကျွန်းတပ်ပေါင်းစုက ၎င်းတို့ ခေါင်းဆောင်ကိုလုပ်ကြံခြင်းဖြစ်ပြီး အလောင်းကောက်မရသေးဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။