မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်တွင် ကင်းပတ်နေသော စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-(ပခုက္ကူပကဖ)က ပြောသည်။
သြဂုတ်၂၁ ရက် ညနေ ၄ နာရီခွဲခန့်က ကမ္မမြို့၌ ကင်းပတ်ထွက်လာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သားများအား ပခုက္ကူ(ပကဖ) တပ်(၁)က လက်ပစ်ဗုံး သုံးလုံးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူ(ပကဖ)က ပြောသည်။
ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်အရာရှိ နှစ်ဦးနှင့် တပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း၊ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များမှာမူ အထိအခိုက်မရှိဟု ပခုက္ကူ(ပကဖ)အဖွဲ့က ဆိုသည်။

“အင်အားချင်း မမျှတဲ့အတွက် နောက်ဆုတ်ခဲ့ရတာပါ။ ၂၀ ပက်ဝန်းကျင်ယူဆပြီး တိုက်ခိုက် ပေ့မယ့် ရန်သူအင်အား ၅၀ လောက် ပါပါတယ်။ ဖြစ်ပွါးတဲ့ နေရာမှာတင် နှစ်ယောက်လဲကျ သေဆုံးခဲ့ပါတယ်။ မြေပြင်သတင်းအရ အရာရှိဗိုလ် နှစ်ဦးပါဝင်ပြီး တပ်သားတစ်ယောက် ပါတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။”ဟု ပခုက္ကူ (ပကဖ အဖွဲ့ တာဝန်ရှိသူက ပြောသည်။
သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ဖြစ်စဥ်ဖြစ်ပွားပြီးနောက်တစ်ရက်တွင် စစ်အုပ်စုယာဥ်တန်းများ ပခုက္ကူမြို့ဘက်သို့ ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။
