▪︎ဒေသခံပြည်သူ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်စပ်၌ စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်သည်။
ယင်းမာပင် နှင့် ဆားလင်းကြီးမြို့နယ်စပ်မှ မတောင့်တနှင့် ဗိုက်သရက်ကျေးရွာအနီး ရောက်ရှိလာသည့် ၁၅စီးပါ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(အောက်တိုဘာလ ၄ရက်) နံနက် ၈နာရီခန့်က တိုက်ခိုက်ခဲ့သည်။ မြေပြင်တိုက်ပွဲတွင် အထိနာပြီးနောက် စစ်ကောင်စီတပ်က နံနက် ၁၀ နာရီခန့်တွင် Mi35 ရဟတ်ယာဉ်ဖြင့် အနီးဝန်းကျင်ရှိကျေးရွာများကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“မတောင့်တနဲ့ဗိုက်သရက်ကို ပတ်ချာလည် တစ်နာရီနီးပါး ပတ်ပစ်တာ။ ဒေသခံတွေအကုန် ထွက်ပြေးကြရတာပဲ။ ထိခိုက်မှုရှိ ၊မရှိက သတင်းမရသေးဘူး” ဟု ဗိုက်သရက်ကျေးရွာဒေသခံတစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်တွင် ထိခိုက်မှုများပြားခဲ့သော်လည်း အသေးစိတ်သတင်းမရကြောင်းဒေသခံများကပြောသည်။
စစ်ကောက်စီယာဉ်တန်းသည် အောက်တိုဘာ ၄ ရက်ညနေ ၃နာရီခန့်တွင် မတောင့်တနှင့် ဗိုက်သရက်ကျေးရွာအနီး၌ ရှိနေသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ တိုက်ပွဲအခြေအနေ ရှုပ်ထွေး နေ၍ အသေးစိတ် မပြောနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။

Public Service Announcement
ယမန်နေ့(အောက်တိုဘာ ၃)ကလည်း ယင်းမာပင်မြို့နယ်အတွင်း မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်တွင် အုပ်စုလိုက်တက်လာသည့် စစ်ကောင်စီဘက်အောက်ခံရဲတပ်ဖွဲ့ကို ဒေသအခြေစိုက် ချိုမိုင်မိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ရဲသုံးဦးသေဆုံးပြီး သေနတ်သုံးလက် ရရှိခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီအုပ်စုက အင်အားတိုးကာ စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။
လတ်တလောတွင်စစ်တပ်က ရဟတ်ယာဥ်ဖြင့်ပစ်ခတ်မှုနှင့်တိုက်ပွဲများကြောင့် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်စပ်ရှိ မတောင့်တ၊ တဲစု၊ လည်ငေါက်၊ရွှေသမင်နှင့်ဗိုက်သရက်ကျေးရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများကပြောသည်။
