စစ်ကိုင်းတိုင်း၊ မြောင်နှင့် အရာတော်မြို့ရှိ မြို့မရဲစခန်းများ တိုက်ခိုက်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်) နံနက် ၁၁ နာရီ ၄၅မိနစ်ခန့်က မြောင်မြို့မ့မစခန်းအား လက်နက်ကြီး၊ ငယ်များ၊ (၄၀) မမဗုံးသီးများဖြင့် အချိန်၂နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း God Of Snake နယ်စီးမခြား ပြောက်ကျားတပ်ဖွဲ့(GOS)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ ရဲစခန်းနဲ့ဝန်ထမ်းအိမ်ရာကို ကျတယ်လို့ သိရပါတယ်။ မြောင်စခန်းထဲမှာ အင်အား ၇၀ကျော်လောက်ရှိတယ်” ဟု အထက်ပါတာဝန်ခံက ပြောသည်။
ရဲစခန်းတွင်းရှိ စစ်အုပ်စု ထိခိုက်မှုရှိ၊မရှိကိုမူ မသိရသေးကြောင်း၊ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

Public Service Announcement
အဆိုပါ တိုက်ခိုက်မှုကို မုံရွာအခြေစိုက်God Of Snakeနယ်စီးမခြားပျောက်ကျားတပ်ဖွဲ့(GOS)၊ အမရပူရ(ပ.က.ဖ)၊ မြောင်မြို့နယ်(ပ.လ.ဖ)၊ မြောင်မြို့မတိုက်နယ်(ပ.က.ဖ)၊ ဒေါင်းပျောက်ကျားတပ်၊ CDSOMမြောင်၊ အမရစစ်သည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး)၊
Sintkaing Revolution Force-SRFတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
အလားတူ အောက်တိုဘာ ၂၁ ရက် ည ၇ နာရီခန့်ကလည်း အရာတော်မြို့မရဲစခန်း တိုက်ခိုက်ခံရပြီး ပေါက်ကွဲသံထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်ပြီးနောက် ရဲများက ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ တကရ – ၅၀၀၄ (တင့်ကားတပ်ရင်းမှ စစ်ကား တစ်စီးဖြင့် အရာတော်မြို့ပေါ်၌ မောင်းနင်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း အရာတော်ပို့စ်က ရေးသားသည်။
အရာတော်မြို့မရဲစခန်းဖြစ်စဥ်နှင့် ပတ်သက်၍ ထိခိုက်မှုရှိ၊မရှိ မသိရသေးဘဲ ဒေသတွင်း PDF များဘက်ကလည်း တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။
အောက်တိုဘာ ၂၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မရဲစခန်းအား မောင်းသူမဲ့လေယာဥ်ဖြင့် ဗုံးချတိုက်ခိုက်ခြင်း ခံခဲ့ရသေးသည်။
















































