Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုလမ်းခွဲက ရင်ဆိုင်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာပြီး နောက်ပြန်ဆုတ်သွား

လမ်းခွဲ၌ နေရာယူထားသော TNLAနှင့် မန္တလေး PDFတို့ရှိရာ နေရာအား စစ်ကောင်စီတပ်က ယနေ့ ညနေ ၅နာရီခွဲခန့်တွင် ရင်ဆိုင်တိုးလာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

(လမ်းခွဲတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MDY PDF)
(လမ်းခွဲတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MDY PDF)

▪️သံချပ်ကာယာဉ်တစ်စီး ထိခိုက်ပြီး လက်နက် ၆လက်နှင့်ခဲယမ်းများရဟု မန္တလေး PDF အသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာရှိ လမ်းခွဲ၌ တအောင်းတပ်မတော် (TNLA)၊ မန္တလေး PDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ် အထိနာပြီး နောက်ပြန်ဆုတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)- MDY PDF က သတင်းထုတ်ပြန်သည်။

လမ်းခွဲ၌ နေရာယူထားသော TNLAနှင့် မန္တလေး PDFတို့ရှိရာ နေရာအား စစ်ကောင်စီတပ်က ယနေ့ ညနေ ၅နာရီခွဲခန့်တွင် ရင်ဆိုင်တိုးလာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မန္တလေးတိုင်း ပြင်ဦးလွင်မှ ရှမ်းမြောက် နောင်ချိုမြို့နယ်သို့ ဦးတည်လာသည့် သံချပ်ကာယာဉ်ပါ စစ်ကောင်စီယာဉ်တန်းနှင့် စစ်ကြောင်းကို နောင်ချိုမြို့နယ် လမ်းခွဲအနီး၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း မန္တလေး PDFက အသိပေးသည်။

ရန်သူ့ဘက်မှ သံချပ်ကာယာဥ် (၁)စီး ထိခိုက်ပျက်စီးမှုများနှင့် နောက်ပြန်ဆုတ်ခွာသွားပြီး ရန်သူ့ထံမှ MA1 (၁) လက် ၊ MA2 (၃)လက် ၊ MA3 (၂)လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမဖြစ်ပွားမီ စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်း၌ တိုက်လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်သကဲ့သို့ တိုက်ပွဲဖြစ်ပွားစဉ်တွင်လည်း လေကြောင်းမှ စက်သေနတ်များဖြင့် ၁၄ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ယနေ့ည ၇နာရီအချိန်အထိ တိုက်ပွဲပြင်းထန်နေပြီး ရန်သူ့စစ်ယာဥ်တန်းမှာလည်း ရှေ့ဆက်မတက်နိုင်ပဲ အထိနာလျက်ရှသည်ဟုဖော်ပြကာ နောက်ဆက်တွဲသတင်းများ ထုတ်ပြန်မည်ဟု ဆိုသည်။

မန္တလေးPDFသည် ‘၁၀၂၇ စစ်ဆင်ရေး’ ဖော်ဆောင်နေသည့် ညီနောင်သုံးဖွဲ့မှ တအာင်းတပ်မတော်(TNLA)နှင့်အတူ ပူးတွဲပြီးနောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ကိုတိုက်ခိုက်လျက်ရှိသည်။ TNLA ၏ ယနေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်လည်း နောင်ချိုမြို့နယ် အုမ္မခါးတွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီယာဉ်တန်းနှင့် ယနေ့ ညနေပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေကြာင်း အသိပေးထားသည်။

“တင့်ကားထိတယ်ပြောတယ်။ အသံတွေကတော့ကြားနေရတယ်။ ခုနကတော့ ပြန်ငြိမ်သွားပြန်ပြီ။ မိုးကလည်းရွာနေတာ”ဟု နောင်ချိုမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ရာနေရာသို့ နောင်ချိုမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ (၁၇)အမြောက်တပ်ကလည်း ပစ်ကူပေးနေသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

တအောင်းတပ်မတော်(TNLA)နှင့်မန္တလေး PDFတို့သည် နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာရှိ လားရှိုး – မန္တလေးလမ်းပိုင်း၌ တပ်စွဲနေရာယူထားရာ စစ်ကောင်စီတပ်က ယနေ့ နေ့လယ်တွင် အဆိုပါနေရာအနီးရှိ ဆမ္မဆယ်နှင့် အုမ္မခါးကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှုစတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ယမန်နေ့က ဆမ္မဆယ်နှင့် အုမ္မခါးကျေးရွာအပေါ်သို့ လေယာဥ်ပျံသန်းမှုပြုလုပ်ပြီးနောက် ယနေ့တွင် လေကြောင်းမှ တိုက်ခိုက်လာခြင်းဟု နောင်ချိုဒေသခံများက ဆိုသည်။

“မနေ့တည်းက TNLAက အဲဒီရွာတွေကို မနေခိုင်းတော့တာ။ ရှောင်ဖို့မနေ့တည်းက ပြောထားပြီးသား။ အဲဒါကြောင့် ဒီနေ့ လူထိခိုက်မှုမရှိလောက်ဘူး”ဟု နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ၌ နေရာယူထားသော စစ်ကောင်စီတပ်က ယနေ့တွင် တအောင်းတပ်မတော်(TNLA)နှင့်မန္တလေး PDFတို့ရှိ နေရာအနီးချည်းကပ်လာပြီး ယနေ့ညနေပိုင်း၌ နောင်ချိုမြို့နယ်ရှိ အုမ္မသီးကျေးရွာ လမ်းခွဲနေရာအနီးသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၉ရက် နံနက်တွင် TNLAနှင့်မန္တလေး PDF တို့သည် နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့သွားရာလမ်းဘေးရှိ နောင်ချိုမြို့အထွက် ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်

စီ၏ ခမရ(၁၁၄)တပ်ရင်းအား စတင်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်ခံရမှုကြောင့် အဆိုပါ တပ်ရင်းများရှိ စစ်ကောင်စီတပ်သားများမှာ တပ်ရင်းစွန့်ခွာပြီး ကျောက်ကြမ်းရွာဘုန်းတော်ကြီးကျောင်း၌ ထွက်ပြေးခိုလှုံခဲ့ကြောင်း နောင်ချိုမြို့ခံများက ပြောသည်။

ထို့နောက် ယင်းနေ့ ညပိုင်းတွင် မြို့ရှိ စစ်ကောင်စီဝန်ထမ်းများဖြစ်သော ရဲနှင့်အခြားဝန်ထမ်းများက မြို့စွန့်ခွာပြီး နောင်ချိုမှ ရပ်စောက်သွားလမ်းပိုင်းရှိ အမှတ်(၁၇)အမြောက်တပ်သို့ သွားရောက် ခိုလှုံခဲ့ကြောင်း မြို့ခံများက ပြောသည်။ ထို့အပြင် ရဲစခန်းရှိ အချုပ်သားများပါ ခေါ်ဆောင်သွားကြောင်းလည်း ၎င်းတို့က ပြောသည်။

အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ‘၁၀၂၇စစ်ဆင်ရေး’ စတင်ကြောင်း ကြေညာကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းများအား နံနက် ၄ နာရီမှစတင်ပြီး တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။