ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများကို တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲသွားမည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်
စစ်ကောင်စီက လက်နက်စမ်းသပ်ပစ်ခတ်မှုဆက်တိုက်လုပ်ဆောင်နေခြင်းက ရက္ခိုင်ဒေသ ၁၀၂၇စစ်ဆင်ရေးအစဟု အသိပေး
နိုင်ငံတဝန်း စစ်ဆင်ရေးများ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်ဟု ပြောရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
ဝန်ကြီး၏ ပြောကြားချက်ကို နိုဝင်ဘာ ၈ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတဝန်းက စစ်ဆင်ရေးတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်လို့ ပြောရမှာပါ။ တနေရာတည်း တကွက်တည်း တိုက်တာမျိုးမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကွက်ပြည့်နင်းတဲ့ မဟာဗျူဟာက ဒီတော်လှန်ရေးရဲ့ ထူးခြားချက် ဖြစ်သလို အားသာချက်လည်း ဖြစ်ပါတယ်။ ဒီမဟာဗျူဟာ အကောင်အထည်ဖော်မှုကြောင့်ပဲ တော်လှန်ရေးအင်အားစုအားလုံးအနေနဲ့ ဒေသတိုင်းမှာ အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
လက်ရှိ စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟာမိတ် ၃ဖွဲ့ကလည်း ၎င်းတို့ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး (၁၃) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ ကို ဖော်ပြရာ၌ ၎င်းတို့ အနေဖြင့် စစ်ရေးရည်မှန်းချက်ပစ်မှတ်များကို ဟန်ချက်ညီစွာ ဆက်လက်ချေမှုန်းလျက်ရှိပြီး အခြား တစ်ဘက်တွင် စစ်ဆင်ရေးနှင့် စစ်ရေးအရှိန်အဟုန်ကိုလည်း တဖြည်းဖြည်း မြှင့်တင်လျက်ရှိသည်ဟု ဖော်ပြသည်။
ထို့အပြင် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာပြီး မိမိတို့စစ်ဆင်ရေးကို ဝန်းရံပေးကြသော တော်လှန်ရေးအဖွဲ့အစည်းများ၊ မိမိတို့ စစ်ဆင်ရေးနှင့် ဟန်ချက်ညီလှုပ်ရှားလာကြသော အဖွဲ့အစည်းများနှင့်လည်း စစ်ဆင်ရေးကို ယခုထက်ပိုမိုထိရောက်စေရန် ဟန်ချက်ညီညီ လုပ်ဆောင်သွားမည်ဟု အသိပေးသည်။
၁၀၂၇ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေရန်အတွက် နိုဝင်ဘာ ၇ရက်တွင် ‘၁၁၀၇ စစ်ဆင်ရေး’ဟု အမည်ပေးကြော်ငြာပြီး ကရင်နီပြည်နယ်ထဲ၌ စစ်ဆင်ရေးကိုစတင်လိုက်သည့်အပြင် အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ဟန်ချက်ညီ ပူးတွဲစစ်ဆင်ရေးများကို တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲသွားမည်ဖြစ်ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။
စစ်ဆင်ရေးအစမှ ယနေ့အထိ (၁၃)ရက်တာကာလအတွင်း သတ်မှတ်ထားသည့် မိမိတို့ သိမ်းပိုက်ရရှိခဲ့ပြီးသော မြို့များကိုလည်း မိမိတို့အနေဖြင့် အလုံးစုံဆက်လက်ထိန်းချုပ်ထားနိုင်ပြီး မိမိတို့အုပ်ချုပ်ရေးဖြင့် အပြီးသတ်အစားထိုးနိုင်ရန် ကြိုးစားလျက် ရှိသည်ဟု အသိပေးသည်။
ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ၁၃ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း၊ရဲစခန်း၊ ပြည်သူ့စစ်စခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာနေရာစုစုပေါင်း ၁၅၅ ခုကို သိမ်းပိုက်ထားပြီး တင့်ကားနှင့် သံချပ်ကာ ယာဥ် ၇ စီးကို သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့သည်။ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း၊ သိန္နီ ၊ မုံးကိုးမြို့များကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်း စစ်ရေးသတင်းထုတ်ပြန်ချက်များအရ သိရသည်။ထို့ပြင် နမ့်ခမ်း၊ ကွမ်လုံမြို့များကို လည်းအလုံးစုံထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
၁၀၂၇ စစ်ဆင်ရေး၏ စစ်ရေးမျှော်မှန်းချက်များထဲမှ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် စစ်ရေးဆင်နွှဲနေသည်သာမက လောင်းကစားလိမ်လည်မှု (ကျဖျင်) ပပျောက်ရေးနှင့်ဆက်စပ်သော ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာနယ်မြေများတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်းအသိပေးသည်။
ရက္ခိုင်ဒေသအတွင်းလည်း ရန်သူစစ်ကောင်စီ၏ စစ်ကြောင်းများ ပိုမိုလှုပ်ရှားသွားလာနေသည်ကို တွေ့ရှိရပြီး ရေလမ်းကြောင်းကို အဓိကအသုံးပြု၍ စစ်ရေးလှုပ်ရှားနေသည်မှာ သိသာထင်ရှားသော ရန်သူ၏ စစ်ရေးကြိုတင်ပြင်ဆင်နေမှုဖြစ်ကြောင်း ဖော်ပြသည်။
အခြားတစ်ဘက်တွင်လည်း အရပ်သားပြည်သူများ နေ့စဉ်သွားလာရာနေရာများတွင် စစ်ဆေးမှုများကို ပိုမိုတင်းတင်း ကြပ်ကြပ် ပြုလုပ်လာသည်ကိုဆက်တိုက်တွေ့ရှိနေရကြောင်း၊ ဒေသခံရက္ခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများတွင် တက်ကြွလှုပ်ရှားနေသူများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ခရီးသွားလာမှု ဆိုင်ရာအချက်အလက်များကို ပိုမိုတင်းကြပ်စွာ စစ်ဆေးလာနေပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းများ အခြေစိုက်ရာရုံးများတွင် လည်း ဝင်ရောက်ဖမ်းဆီးမှု၊ စစ်ဆေးမှုများကို ဆက်တိုက်ပြုလုပ်နေကြောင်း ထုတ်ပြန်သည်။
ထို့အပြင် ရက္ခိုင်ဒေသတွင်း မြို့နယ်အချို့တွင် ရန်သူစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းများမှ လက်နက်စမ်းသပ်၊ ခြောက်လှန့်ပစ်ခတ်မှုများကို လစဉ်နီးပါး ဆက်တိုက်လုပ်ဆောင်လာနေသည်မှာလည်း ရက္ခိုင်ဒေသ ၁၀၂၇ စစ်ဆင်ရေး၏ အစဟုပင်ပြော၍ရကြောင်း ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေးနှင့် ချိတ်ဆက်၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ PDF နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းရှိနေရာအများအပြားမှ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိရာ ကောလင်း၊ ခမ်းပတ်နှင့် ပင်လည်ဘူးမြို့များကို သိမ်းပိုက်ပြီးဖြစ်သည်။