ရန်ပုံငွေနည်းနေသော်လည်း ချေးငှားပြီး ကျပ်သိန်း ၈၀ဆုချီးမြှင့်
မကွေးတိုင်း၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ၍ ရန်ပုံငွေအင်အားနည်းပါးနေသော်လည်း ချေးငှားပြီး ကျပ်သိန်း ၈၀ဆုချီးမြှင့်လိုက်ကြောင်း Southern YSO PDF၏ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် G3သေနတ်တစ်လတ်၊ကျည်ဘောက် ၄ခု၊ကျည် ၁၂၇တောင့်၊လက်ထိပ် တစ်ခုတို့ဖြင့် အလင်းဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါ ရဲတပ်သားအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၈၀ချီးမြှင့်ခဲ့ပြီး ၎င်းသွားရောက်လိုသောအရပ်သို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ကြောင်း Southern YSO PDF၏ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။
၎င်းအား ဆုချေးမြှင့်ရန် ငွေကြေးမလုံလောက်ခဲ့၍ ငွေချေးငှားခဲ့ရပြီး ပြည်သူများတက်နိုင်သရွေ့ ပူးပေါင်းပါဝင်ပေးရန် Southern YSO PDFက မေတ္တာရပ်ခံထားသည်။
“ပြီးခဲ့တဲ့လကလည်း ရဲဘော်တစ်ယောက်က အူသုံးပေလောက်ဖြတ်ရပြီး အစားထိုးကုရတဲ့အခြေအနေမှာ သိန်း၁၄၀လောက် ကုန်သွားတယ်။ ဒီဘက်က CDMဝင်လာတာရောကြောင့် ဘေးကနေငွေဆွဲပြီး ရှိသလိုလေးလုပ်လိုက်ရတာ။ ကျန်းမာရေးကလည်း ငွေတအားကုန်သွားတာ။အဲဒီမှာငွေမလုံလောက်မှုတွေဖြစ်ပြီး ဘေးကနေချေးငှားနေရတဲ့အနေအထားဖြစ်သွားတာ။”ဟု တာဝန်ခံကိုအောင်မောင်းက ရှင်းပြသည်။

Public Service Announcement
အဆိုပါရဲတပ်သားသည် စစ်တပ်က ပြည်သူများအား သတ်ဖြတ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို မီးရိူ့ဖျက်ဆီးလုယက်ခြင်းတို့ကြောင့် စစ်တပ်အောက်၌ အလုပ်မလုပ်လိုတော့၍ ပြည်သူ့ရင်ခွင်ဆီသို့ ဝင်ရောက်ခိုလှုံလာခြင်းဖြစ်ကြောင်း အဆိုပါရဲတပ်သားက ပြောခဲ့သည်ဟု သိရသည်။
Southern YSO PDFသည် ထပ်မံ၍ လက်နက်အပ်အလင်းဝင်ရောက်မည့် စစ်ကောင်စီတပ်သားများအား နွေးထွေးစွာကြိုဆိုနေကြောင်း အသိပေးထားသည်။


















































