Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေး ယနေ့စတင်ဟု NUG ကြေညာ

ကောလင်းမြို့နယ်တွင် မြို့နယ် အတွင်း CDM ပြု လုပ်သည့် နိုင်ငံ့ဝန်ထမ်းများအပြင် အခြားမြို့နယ်များမှ CDM ပြုလုပ်သည့် နိုင်ငံ့ဝန်ထမ်းဦးရေများစွာ ပြန်လည်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း အသိပေးထုတ်ပြန်သည်။

(ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် မဟာမိတ်များ ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် မြင်ကွင်း။ ဓာတ်ပုံ - KAWLIN REVOLUTION - KR)
(ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် မဟာမိတ်များ ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် မြင်ကွင်း။ ဓာတ်ပုံ - KAWLIN REVOLUTION - KR)

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ကောလင်းမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးစတင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကြေညာချက် ထုတ်ပြန်သည်။

နိုဝင်ဘာ ၆ရက်တွင် ကောလင်းမြို့နယ်ကို အမှတ်(၁)စစ်ဒေသ၏ ကွပ်ကဲမှုဖြင့် ကောလင်းခရိုင်ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တစ်လနီးပါးအကြာ ဒီဇင်ဘာ ၃ရက်တွင် ပြည်သူ့အုပ်ချုပ်ရေး စတင်ကြောင်း ကြေညာကာ စစ်အုပ်စု၏ စိုးမိုးထိန်းချုပ်မှု ကင်းစင်ကြောင်း အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ဖွဲ့စည်းခဲ့သည့် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင် ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့အနေဖြင့် ကောလင်းမြို့နယ်၏ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကောလင်းမြို့နယ်သည် ခရိုင်အဆင့် အစိုးရဌာနများ ရုံးစိုက်ရာ မြို့ ဖြစ်သည်နှင့်အညီ NUG၏ ဝန်ကြီးဌာန အသီးသီးကလည်း သက်ဆိုင်ရာ ဝန်ကြီး ဌာနရုံးများ ပြန်လည်လည်ပတ်နိုင်ရေး ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ မြို့သိမ်းပြီးနောက် ရပ်ကျေးနှင့်တိုက်နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ အဆင့်ဆင့် စီမံကွပ်ကဲမှုအား ကောင်းစေရေး ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ အသိပေးချက်ကို ဖော်ပြခဲ့ရာ ကောလင်းမြို့နယ်နေ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့ လုံခြုံရေး အဖွဲ့(ပလဖ)နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့ပေါင်းစပ်ကာ စည်းသုံးစည်းဖြင့် တာဝန်ယူ ဆောင်ရွက် လျက်ရှိသည် ဟုဆိုသည်။

Public Service Announcement

Public Service Announcement

တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ကောလင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့က သက်ဆိုင်ရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီမံဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးမှုမှ ကာကွယ်နိုင်စေရန် ကြိုတင်သတိပေးစနစ် (Early Warning System) ထားရှိနိုင်မှုနှင့် ဗုံးခိုကျင်းများ စီမံထားနိုင်မှုအခြေအနေများကို ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များမှ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားပြီး လိုက်နာဆောင်ရွက်ရေး တင်းတင်းကြပ်ကြပ် လုပ်ဆောင်လျက်ရှိသည်ဟု ဖော်ပြသည်။

ပြည်သူ့ဝန်ဆောင်မှုပေးရေး ကိစ္စတွင် ကောလင်းမြို့နယ်အတွင်း ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆရာဝန်၊ သူနာပြုဆရာမ၊ အခြေခံကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း(၆၅)ဦး ပါဝင်သော မြို့နယ်ကျန်းမာရေးအဖွဲ့က လုံခြုံသောနေရာများတွင် အရေးပေါ်ကုသမှုများ ဆောင်ရွက်ပေးလျက် ရှိသည်ဟု အသိပေးသည်။

ခရိုင်ဆေးရုံမှ သိမ်းဆည်းရရှိသော ဆေးနှင့် ဆေးပစ္စည်းများကို စနစ်တကျစာရင်းပြုစု ထားပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုအပ်ချက်ပေါ်မူတည်၍ စီမံခန့်ခွဲဖြန့်ဝေ အသုံးပြုသွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

ယခုအခြေအနေတွင် လိုအပ်သောဆေးဝါးများ အတွက် ကြိုတင် ပြင်ဆင် စုဆောင်းထားသောဆေးများ၊ ကျန်းမာရေးဝန်ကြီးဌာနက ပံ့ပိုးသော ရန်ပုံငွေ၊ ပြည်သူလူထု ထည့်ဝင်သည့် အလှူငွေ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းရန်ပုံငွေတို့ဖြင့် ဖြည့်ဆည်းညှိနှိုင်းစီမံလျက် ရှိကြောင်း ဖော်ပြထားသည်။

စစ်ဘေးရှောင် ပြည်သူများအတွက်လည်း လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခြင်း၊ မြို့တွင်းသို့ ပြန်လည် ဝင်ရောက်လိုပါက ပံ့ပိုးကူညီခြင်းများကို စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ဘေးရှောင် ခန့်မှန်းအရေအတွက် ၁၂၆၀၀ ကျော်ရှိပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေဖြင့် ကောလင်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိမ်းဆည်းရရှိထားသည့် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်၊ဆီ၊ဆားတို့ကို လတ်တလော စစ်ဘေးရှောင် နေရသည့် ဒေသခံပြည်သူများကို ဖြန့်ခွဲ ထောက်ပံ့ပေးခဲ့သည်ဟုဆိုသည်။

ပညာရေးကဏ္ဍတွင် အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးမှု BECA စာမေးပွဲများကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိပြီး မြို့နယ် ပညာရေးဌာန နှင့် စာသင်ကျောင်းများမှ သိမ်းဆည်းထားသည့် ဌာနပိုင်ပစ္စည်းများကိုလည်း စာရင်းပြုစု ထိန်းသိမ်းထား ရှိကြောင်း၊ ကျောင်းသူ၊ကျောင်းသားများ ပညာရေးနစ်နာမှုမရှိအောင် ပညာရေးဝန်ကြီးဌာန ဦးဆောင်လျက် Online/ On Ground ဖြင့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်သည်။

တရားစီရင်ရေး နှင့်ပတ်သက်ပြီး ကောလင်းမြို့မရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားသော အချုပ်သား စုစုပေါင်း (၉၈) ဦးအနက် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော ပြည်သူ (၆၃) ဦးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ပြန် လည်လွှတ်ပေးခဲ့ပြီး ကျန်ရှိနေသေးသော အချုပ်သား/အကျဉ်းသားများကိုလည်း တရားဥပဒေ နှင့်အညီ ဆက်လက်စီမံဆောင်ရွက် သွားမည်ဖြစ်သည်ဟု ထုတ်ပြန်သည်။

သင့်တော်သည့် တရားသူကြီးများကို ခန့်အပ်တာဝန်ပေး၍ တရားရုံးများဖွင့်လှစ်ထားရှိကာ မှန်ကန်သည့် တရားရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဖော်ပြထားသည်။

ဘဏ်လုပ်ငန်းများစီမံခန့်ခွဲရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်အနေဖြင့် ကောလင်းခရိုင်၊ မြန်မာ့စီးပွား ရေးဘဏ်၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၀ ကျော်အား လက်ခံ သိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများနှင့် ပြည်သူလူထု၏ အပ်နှံငွေများ နစ် နာဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲလျက်ရှိကြောင်း အသိပေးသည်။

မြို့ရှိ ပုဂ္ဂလိကဘဏ်များမှ လက်ခံသိမ်းဆည်းရရှိသော ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၄၄,၅၀၀ ကျော် ကိုလည်း စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် တာဝန်ခံလျက် ဥပဒေနှင့်အညီ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအဖြစ် သတ်မှတ်၍ စနစ်တကျ စီမံခန့်ခွဲသွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

Non-CDM ဝန်ထမ်းများနှင့်ပတ်သက်၍ CDM နိုင်ငံဝန်ထမ်းများဆိုင်ရာ မူဝါဒ ကို အခြေခံ၍ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီက ထုတ်ပြန်ထားသော “ကြားကာလ Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားချက်” နှင့်အညီ စီမံဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ကောလင်းမြို့နယ်တွင် မြို့နယ် အတွင်း CDM ပြု လုပ်သည့် နိုင်ငံ့ဝန်ထမ်းများအပြင် အခြားမြို့နယ်များမှ CDM ပြုလုပ်သည့် နိုင်ငံ့ဝန်ထမ်းဦးရေများစွာ ပြန်လည်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။