Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲ ဗျူဟာမှူးနှင့် တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ် အများအပြားသေဆုံး

AAယခင်ကလည်း စစ်ကောင်စီ စစ်သင်္ဘော ၅စီးထက်မနည်းကို တိုက်ခိုက်နှစ်မြှုပ်ထားနိုင်ခဲ့ပြီး စစ်သင်္ဘောများ ထိခိုက်အောင် ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီ​၏ ခမရ (၅၅၀)တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်များ။(ဓာတ်ပုံ - AA)
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီ​၏ ခမရ (၅၅၀)တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်များ။(ဓာတ်ပုံ - AA)

▪️ရက္ခိုင်ရှိ ကျန်မြို့များကို ဆက်လက်ထိုးစစ်ဆင်မည်ဖြစ်၍ စစ်ကောင်စီတပ်များ လက်နက်ချရန် စေတနာဖြင့် အသိပေးလိုက်ကြောင်း AAထုတ်ပြန်

ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲ ၁၃ရက်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်အများအပြားကို အသေဖမ်းမိခဲ့ကြောင်း ရက္ခိုင့် တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ(၅၅၀) တပ်ရင်းအား ဖေဖော်ဝါရီ ၂၁ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ မတ်လ ၄ရက်တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။အဆိုပါ တပ်ရင်း မသိမ်းပိုက်မီ ဖေဖော်ဝါရီ ၂၃ရက်တွင် ပုဏ္ဏားကျွန်းရဲစခန်းကို AAက သိမ်းယူခဲ့သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း (၅၅၀)တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ DSA အပတ်စဉ် (၄၂) ၊ ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀)မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုးစစ်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်းရှိခဲ့သည်ဟု အသိပေးသည်။

ခမရ (၅၅၀)တပ်ရင်းမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

ပုဏ္ဏားကျွန်းမြို့မှာ ရက္ခိုင်ဒေသအတွင်းမှ စစ်ကောင်စီကင်းစင်သည့် နောက်ထပ်တစ်မြို့ဖြစ်လာခဲ့ပြီဖြစ်ရာ ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ဒေသတစ်ခုလုံးစစ်ကောင်စီကင်းစင်ရေးအတွက် အခြားသော ကျန်ရှိနေသေးသည့် မြို့များကို တစ်ခုပြီးတစ်ခု မရပ်မနား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးသည်။ AAသည် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ပေါက်တော၊ မြေပုံ၊ ချင်းပြည်နယ် ပလက်၀မြို့များကို သိမ်းပိုက်ထားပြီးဖြစ်သည်။

အခြားတစ်ဖက်တွင် လက်နက်ချအညံ့ခံသောသူများ၊ စောစီးစွာ အလံဖြူထောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်တိုင်းကို အသက် ချမ်းသာပေးပြီး ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားကြောင်း AAက ထုတ်ပြန်ကာ ကျန်မြို့များကို ဆက်လက် ထိုးစစ်ဆင်မည်ဖြစ်၍ ရက္ခိုင်ဒေသအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အားလုံးအနေဖြင့် လက်နက်ချအညံ့ခံရန် စေတနာဖြင့် ထပ်မံ၍ အသိပေးလိုက်သည်ဟု ဖော်ပြသည်။

ပုဏ္ဏားကျွန်းတိုက်ပွဲတွင် စစ်ကောင်စီရေတပ်က ဇက်သင်္ဘော ၂စီးဖြင့် စစ်ကူပေးခဲ့ရာ ရက္ခိုင့်တပ်တော်၊ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များမှ ဟန့်တား တိုက်ခိုက်နိုင်ခဲ့သည့်အပြင် ၎င်းဇက်သင်္ဘော (၂) စီးကို ကယ်တင်ရန်လာခဲ့သော နောက်ထပ်ဇက်သင်္ဘော တစ်စီးကိုလည်း ရှေ့ဆက်မတိုးနိုင်အောင် အကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်ဟု အသိပေးသည်။

အဆိုပါဇက်သင်္ဘော သုံးစီးစလုံးအား ရေထဲနစ်မြုပ်အောင်မတိုက်ခိုက်နိုင်သော်လည်း ဇက်သင်္ဘောပေါ်တွင် ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ဤသို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီသည် လေကြောင်းနှင့် စစ်တွေမြို့၊ ဘူးသီးတောင်မြို့ရှိ ၎င်းတို့၏ စခန်းများမှ လက်နက်ကြီးများဖြင့် အပြင်းအထန် တိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ နောက်ထပ်ရေကြောင်းတိုက်ပွဲ အောင်ပွဲတစ်ခုအဖြစ် ထပ်မံ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

AAယခင်ကလည်း စစ်ကောင်စီ စစ်သင်္ဘော ၅စီးထက်မနည်းကို တိုက်ခိုက်နှစ်မြှုပ်ထားနိုင်ခဲ့ပြီး စစ်သင်္ဘောများ ထိခိုက်အောင် ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်ကလည်း AA သိမ်းထားသည့် မြို့နယ်များကို လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိဟု AAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် မင်းပြားမြို့အတွင်းနှင့် မင်းပြားမြို့ပတ်ဝန်းကျင်များသို့ ၂၀၂၄ ဖေဖော်ဝါရီ ၂၆ရက်မှ စတင်ပြီး လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို နေ့တိုင်းပြုလုပ်လျက်ရှိရာ ယမန်နေ့အထိ (၈)ရက်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားများထိခိုက်သေဆုံးမှု၊ ဒဏ်ရာရမှုများ ရှိခဲ့သည်ဟု ဖော်ပြသည်။

ဖေဖော်ဝါရီ ၅ရက် နံနက်ကလည်း ကျောက်တော်မြို့၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လေကြောင်းမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အဆိုပါ လျှပ်စစ်ဓာတ် အားပေးစက်ရုံမှာ ပျက်စီးခဲ့ရပြီး ၎င်းအနီးပတ်ဝန်းကျင်၌ ရှိသော အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ကျောက်ဖြူမြို့ပတ်ဝန်းကျင်တွင် အရပ်သားပြည်သူများသွားလာရာ လူသွားလမ်း၊ ဆည်၊ တာတမံများနှင့် ရွာနီးစပ်ဝန်းကျင်ရှိ တောတောင်များပေါ်တွင် စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ မြေမြှုပ်မိုင်းနှင့် တိုက်မိုင်းများကို စစ်ကောင်စီက ခပ်စိပ်စိပ် ထောင်လာ၍ မတ်လ ၃ရက်တွင် ကျောက်ဖြူမြို့နယ်၊ င/လပွေ့ ရပ်ကွက်၊ အောင်စေတီကျေးရွာအနီးရှိ ကာရီဘောင်ပေါ်၌ မိုင်းနင်းမိ၍ဒေသခံ အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ မိုင်းထောင်သည့် လုပ်ရပ်များကို စစ်ကောင်စီ၏ ကျောက်ဖြူမြို့အခြေစိုက် ခလရ (၃၄) တပ်ရင်း၊ ခမရ (၅၄၂) နှင့် ခမရ (၅၄၃) တပ်ရင်းများမှ အဓိက လုပ်ဆောင်လျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။