Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကိုအနားပေး၍ လုံး၀မရဘဲ စစ်ရေးရလဒ်ထွက်အောင်လုပ်ကြရန် ယာယီသမ္မတတိုက်တွန်း

တိုက်ပွဲများအတွင်း တိုင်းပြည်အတွက် အသက်ပေးသွားသည့် သူရဲကောင်းများအား ဝမ်းနည်းစွာ လေးစား ဦးညွှတ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားသည်။

စစ်ကောင်စီကိုအနားပေး၍ လုံး၀မရဘဲ စစ်ရေးရလဒ်ထွက်အောင်လုပ်ကြရန် ယာယီသမ္မတတိုက်တွန်း
စစ်ကောင်စီကိုအနားပေး၍ လုံး၀မရဘဲ စစ်ရေးရလဒ်ထွက်အောင်လုပ်ကြရန် ယာယီသမ္မတတိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီကို အနားပေး၍လုံး၀မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့(မတ်လ ၁၂ရက်)ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသည်။

ရှမ်းမြောက်နှင့် ရက္ခိုင်ဒေသ၌ စစ်ကောင်စီတပ် စစ်ရေးအရအထိနာနေသည့် အခြေအနေတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် ပူးပေါင်းတပ်များက ၎င်းတို့ဒေသရှိ စစ်ကောင်စီတပ်စန်းများ၊ တပ်ရင်းဌာနချုပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန်တွင် ယာယီသမ္မတက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာ အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို့ လုံးဝမရဘူးလို့ ပြောချင်ပါတယ်။ အခုဆိုရင် စစ်ကောင်စီက အနားတောင်းဖို့၊ ကြိုးစားနေတဲ့ကိစ္စတွေကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ဟာ သံပူတုန်း နာနာနှက်ရမယ်လို့ ပြောချင်ပါတယ်”ဟု ယာယီသမ္မတက ပြောကြာသည်။

Public Service Announcement

Public Service Announcement

စနစ်တကျကြိုတင်ပြင်ဆင်မှုနှင့် ဗဟိုကွပ်ကဲမှုကောင်းမွန်သည့် ဒေသများ၌ တော်လှန်ရေးရလဒ် ကောင်း တွေ့မြင်ရသကဲ့သို့ စစ်ရေးရလဒ်ကောင်းကိုလည်း ထပ်တူတွေ့မြင်ရကြောင်း ယာယီသမ္မတက ပြောသည်။

“အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းအားလုံးဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲကို ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ လက်နက်အားဖြင့် ခုခံတော်လှန်တယ်ဆိုတဲ့ အဆင့်လောက်နဲ့ တင်းတိမ်နေလို့ မရပါဘူး။ စစ်ရေးရလဒ် ထွက်အောင် လုပ်ဆောင်ဖို့ အထူး လိုအပ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

စစ်ကောင်စီထုတ်သုံးသည့် နိုင်ငံရေးဝှက်ဖဲများနောက် မျောမသွားဘဲ အမြော်အမြင်ရှိစွာ၊ ပြတ်သားစွာ လုပ်ဆောင်ရန်လိုအပ်ကြောင်း လည်း ပြောကြားသည်။

“အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး လုပ်နေတဲ့ကိစ္စမှာလည်း စစ်ရေးကိစ္စ တစ်ဝက် ၊ နိုင်ငံရေးကိစ္စတစ်ဝက် ရောပြီး ခြေလှမ်းစတင်နေတာတွေ့ရပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကို တန်ပြန်တော်လှန်တဲ့အခါမှာ နိုင်ငံရေးအရ လုပ်ဆောင်ရမှာတွေ ရှိသလို၊ စစ်ရေးအရ လုပ်ဆောင်ရမှာတွေလည်း ရှိနိုင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ထို့အပြင် သတိချပ်ရမည်မှာ စစ်ရေးကို စစ်ရေးကဲ့သို့ ပီပီပြင်ပြင် လုပ်ဆောင်ရန်ဖြစ်ကြောင်းလည်း ပြောသည်။

“ဒါ့အပြင် ကျွန်တော်တို့ရဲ့ မဟာဗျူဟာ စီမံချက်‌တွေဟာ ပြည်သူလူထုကို ထိခိုက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးကိုလည်း ကြိုတင် တွက်ဆထားဖို့ လိုပါတယ်။ တကယ် အာနိသင်ရှိတဲ့ ဆေးနည်းက အင်မတန် ခါးလွန်းတာတွေလည်း ဖြစ်တတ်သလို၊ ဆေးမြီးတိုတွေက ဘေးထွက်ဆိုးကျိုးများတာလည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ မဟာဗျူဟာ နည်းနာကို ကျွန်တော်တို့ ကောင်းကောင်း သဘောပေါက်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်ရေးလှိုင်းများနှင့် တိုင်းရင်းသား လွတ်မြောက်မှု တော်လှန်ရေးလှိုင်းများ တိုက်ရိုက် ချက်ကြိုးသွယ်ထားနိုင်သည့် အခြေအနေရောက်ပြီဟုလည်း ယာယီသမ္မတက ပြောသည်။

“နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးတွေဟာ တစ်သားတည်း၊တစ်ထပ်တည်း ဖြစ်လာတာကို တွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ၊ ကျွန်တော်တို့ဟာ နိုင်ငံရေးသတိလက်လွတ် ပြောဆို၊ လုပ်ဆောင်တာမျိုးတွေကို သတိထား ရှောင်ကြဉ်ဖို့ လိုပါတယ်။အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေကို ခိုင်ခိုင်မာမာ တည်ဆောက်ထားဖို့ပဲ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

တော်လှန်ရေးအလွန်ကာလရောက်မှ၊ တည်ဆောက်ရေးအတွက် ဆိုင်းပြင်းတာမျိုး မဖြစ်စေဘဲ လက်ရှိ အချိန်ကတည်းက ကိုယ်စီကိုယ်စီ ကြိုတင်တည်ဆောက်ဖြည့်တင်းထားရန် လည်း တိုက်တွန်းထားသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း KIA၏ မတ်လ ၇ရက် ထိုးစစ်အတွင်း စစ်ကောင်စီ တပ်စခန်း ၂၀အထိ သိမ်းယူနိုင်ခဲ့မှု အခြေအနေကိုအစည်းအဝေး၌ ပြောကြားခဲ့သည်။

“တကယ်တော့ ကချင်ခေါင်းဆောင်တွေနဲ့ ကချင်ပြည်သူတွေဟာ နွေဦးတော်လှန်ရေးစတင်ကတည်းက ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေနဲ့ အတူတကွ ပူးပေါင်းပြီး လက်တွဲ တိုက်ပွဲဝင်ခဲ့ကြတာ အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။ ၁၀၂၇၊ ၁၁၁၁ စစ်ဆင်ရေးလှိုင်းများနဲ့အတူ ယခု ကချင်လွတ်လပ်ရေးတပ် မတော်ရဲ့ စစ်ဆင်ရေးကြီးဟာ ကချင်ပြည်နယ်အတွက်သာမက နွေဦးတော်လှန်ရေး ဆင်နွှဲနေ ကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပြည်သူတစ်ရပ်လုံးအတွက် ကြီးမားတဲ့ အောင်မြင် မှုတစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

တိုက်ပွဲများအတွင်း တိုင်းပြည်အတွက် အသက်ပေးသွားသည့် သူရဲကောင်းများအား ဝမ်းနည်းစွာ လေးစား ဦးညွှတ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားသည်။

“ကျွန်တော်တို့ အားလုံးဟာ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်ချေ မှုန်းရင်း ရရှိလာတဲ့ အောင်မြင်မှုတွေကိုလည်း မျှဝေခံစားကြရမှာ ဖြစ်သလို ကြုံတွေ့ လာရတဲ့ ဘေးဒုက္ခတွေကိုလည်း မျှဝေခံစားကြပြီး တော်လှန်ရေးအဆုံးတိုင် အောင်မြင်မှုရရှိ နိုင်ရေး အင်အားအပြည့်နဲ့ ဆက်လက် ချီတက်ကြရမှာပဲဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ပညာရေးဝန်ကြီးဌာန ၊ မူဝါဒရေးရာဌာန ၊ ဌာနကြီးမှူး ဒေါက်တာအောင်အောင်မင်း က NUCC ၊ JCC-Education ၊ NUG-MOE (Interim Federal Education Council – IFEC) ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေးကိစ္စ တင်ပြခြင်း၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက အကြမ်းဖက်စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းမှုကြောင့် ဖြစ်ပေါ် လာသော နိုင်ငံရေးအခြေအနေအား တော်လှန်ရေးအောင်မြင်မှုအတွက် အင်အားအဖြစ် မဟာဗျူဟာမြောက် ပြောင်းလဲနိုင်ရေး အပြီးသတ်စီမံချက် တင်ပြခြင်းများ ပြုလုပ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။