ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယား စစ်ကောင်စီတပ်စခန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဖော်ပြသည့် စခန်းသိမ်းတိုက်ပွဲရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။
စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် ပူးတွဲနေရာယူထားသည့် နန့်ယားတပ်စခန်းကို ဧပြီ ၉ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၁ရက် နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ရေးသတင်းရင်းမြစ်က ဖော်ပြသည့် ရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီတပ်ထံမှ ရရှိသည့် လက်နက်ခဲယမ်းများစုပုံထားရှိမှု၊ KIA ရဲဘော်များက စခန်းအတွင်း ရှင်းလင်းရေးလုပ်ဆောင်နေမှုများကို တွေရသည်။

Public Service Announcement
နန့်ယားစခန်းသိမ်းပိုက်မှုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့တွင် အတည်ပြုထားသည်။
” တပ်စခန်းထဲမှာ နယ်မြေရှင်းလင်းရေးတွေလုပ်တဲ့အနေအထားတော့ဖြစ်ပါတယ်။ အဲဒီဘက်က မြေပြင်သတင်းတွေလည်း ပြည့်ပြည့်စုံစုံကတော့ မကြားရသေးပါဘူး။ သိမ်းလိုက်ပြီဆိုတဲ့ သတင်းလောက်ပေးပို့တာ ကျနော်တို့ ကြားသိရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
နန့်ယားစစ်စခန်းသိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော် လက်နက်ချခဲ့ကြောင်း ၊ ရှမ်းနီပြည်သူ့စစ်များလည်းပါဝင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
KIAသည် ဧပြီ ၉ရက်က ဖားကန့်မြို့နယ် ဆယ်ဇင်းရဲစခန်းကို သိမ်းပိုက်ခဲ့သည်။ ထိုစဉ်ကလည်း စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂၃ဦး လက်နက်ချခဲ့ရာ လက်နက် ၂၂လက် ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
