Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်း ၄ခုကို CNA၊ CDF ပူးပေါင်းတပ် ထိုးစစ်ဆင်

ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့ (ဇူလိုင် ၂၂ရက်) နံနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တပ်စခန်းငယ် သုံးခုသိမ်းရထားကြောင်းချင်းအမျိုးသားတပ်မတော်(CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။

CNA၊ CDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal
စခန်းငယ် သုံးခုသိမ်းရထားပြီး စစ်သုံ့ပန်းအချို့နှင့် လက်နက်အချို့ရရှိထားဟု CNAပြော

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့ (ဇူလိုင် ၂၂ရက်) နံနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တပ်စခန်းငယ် သုံးခုသိမ်းရထားကြောင်းချင်းအမျိုးသားတပ်မတော်(CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။

မိုင်(၂၀)ခန့်ကွာဝေးသည့် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား စစ်ကောင်စီ၏ ချိတ်ဆက်မှုကို ဖြတ်တောက်နိုင်ရန် ရည်ရွယ်ပြီး ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)များ စုစုပေါင်း တပ်ဖွဲ့ ၉ဖွဲ့ ပူးပေါင်းစစ်ဆင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

” အဓိက စခန်းက လေးခုရှိတယ်။ အဲဒီမှာ စခန်းငယ် သုံးခုက ကျနော်တို့သိမ်းဆည်းထားပြီလို့ သိရတယ်။ ဟားခါးကနေ လက်နက်ကြီး ပစ်ကူတွေဘာတွေဆက်ရှိနေတယ်။ အခုက အဲဒီက ရှိတဲ့သူတို့ အင်အားအရှိဆုံး အော်တိုတောင်ကုန်းပေါ့ အဲဒါကို သိမ်းနိုင်ဖို့ ဆက်လက်ပြီး စစ်ရေးဖော် ဆောင်နေတဲ့အနေအထားပါ”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဖမ်းမိထားပြီး လက်နက်အချို့လည်း သိမ်းရထားသည်ဟု ပြောသည်။

ချင်းပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် သုံးဦး ကျဆုံးခဲ့ပြီးဒဏ်ရာရသူအချို့ရှိသည်ဟု ဆလိုင်းထက်နီက ပြောသည်။

ဟားခါးမြို့နယ်ရှိ စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားရာသို့ လာမည်ဟု သတင်းရထားပြီး စစ်ကူမလာခင် လက်နက်ကြီး ပစ်ခတ်ရှင်းလင်းနေသည်ကို တွေ့ရကြောင်းလည်း ရှင်းပြသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးခြင်းမရှိသေးကြောင်း၊ ယနေ့ နေ့လယ်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုရှိသည်ဟု မကြားရသေးကြောင်း ဆလိုင်းထက်နီက ပြောသည်။

ဇူလိုင် ၂၀ရက်ကလည်း CDF ဟားခါး သည် ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်စီးနင်းကာ အကျဉ်းသား ၆၂ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးအတွင်း ရဲ ၄ဦးသေဆုံးကာ လက်နက် ၂၀ ကျော်သိမ်းပိုက်ရရှိခဲ့သည်ဟု CDF ဟားခါးက အသိပေးထားသည်။

ချင်းပြည်ကောင်စီ၏ အစည်းအဝေးကို ဇူလိုင် ၁၀ရက်မှ ၁၃ရက်အထိ ၄ရက်ကြာကျင်းပခဲ့စဉ်က ချင်းပြည်အတွင်း ကျန်နေသည့် စစ်ကောင်စီ တပ်စခန်းများအား ချင်းပြည်အစိုးရ တပ်ဖွဲ့ဖြင့် အမြန်ဆုံးသိမ်းပိုက်နိုင်ရေးကို ဆွေးနွေးခဲ့ပြီးနောက် စစ်ရေးဖော်ဆောင်မှုများ ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook