Connect with us

Hi, what are you looking for?

သတင်း

မိုင်းယောင်းဒေသကို မိုင်းလားတပ်ဖွဲ့ NDAA ဝင်ရောက်နေရာယူ

NDAAတပ်ဖွဲ့များ မိုင်းယောင်းဒေသသို့ ဝင်ရောက်နေရာယူမှု နှင့်ပတ်သက်ပြီး NDAA အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်အားမေးမြန်းရာ မိုင်းယောင်းမြို့ကို သိမ်းသည်ဆိုသည့်သတင်းမမှန်ကြောင်း လုပ်ကြံသတင်းသာဖြစ်ကြောင်း ပြောသည်။

မိုင်းယောင်းမြို့ကို မိုင်းလားတပ်ဖွဲ့(NDAA) ရဲဘော်များ နေရာယူထားစဉ်။ ဓာတ်ပုံ - CJ

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းယောင်းမြို့ကို မိုင်းလားတပ်ဖွဲ့(NDAA)က ဝင်ရောက်နေရာယူလိုက်ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

NDAA တပ်ဖွဲ့များ ယနေ့(ဇူလိုင် ၂၄ရက်)တွင် မိုင်းယောင်းမြို့အား ဝင်ရောက်တပ်စွဲခဲ့ဟု သတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ ရှမ်းသတင်းရင်းမြစ်တစ်ဦးက လွန်ခဲ့သည့်နှစ်ရက်ကတည်းက မိုင်းလားတပ်ဖွဲ့များ ဝင်နေခြင်းဖြစ်သည်ဟု ပြောသည်။

“နယ်မြေ လုံခြုံရေး အနေနဲ့ မြင်ပါတယ်”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

NDAAတပ်ဖွဲ့များ မိုင်းယောင်းဒေသသို့ ဝင်ရောက်နေရာယူမှု နှင့်ပတ်သက်ပြီး NDAA အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်အားမေးမြန်းရာ မိုင်းယောင်းမြို့ကို သိမ်းသည်ဆိုသည့်သတင်းမမှန်ကြောင်း လုပ်ကြံသတင်းသာဖြစ်ကြောင်း ပြောသည်။

” အခု တချို့အဖွဲ့အစည်းတွေဝင်ပြီးမှ လာတပ်သားသစ်တွေ စုဆောင်းတာ စည်းရုံးတာ ဆိုရင်ကျနော်တို့ လက်မခံဘူး။ ကျနော်တို့သွားမောင်းထုတ်တာ။ အဲဒါနဲ့ မိုင်းယောင်းမြို့ ဝင်လို့ သိမ်းလို့မဟုတ်တဲ့ လုပ်ကြံသတင်းတွေ လျှောက်ထွက်လာတာ။ အဲဒါမမှန်ဘူးနော်။ အဲဒီဘက်မှာ ကျနော်တို့ အေးအေးဆေးဆေးပဲ။ တပ်မတော်ရော၊ ကျနော်တို့ရော အေးအေးဆေးဆေးပဲ။ ကျနော်တို့ဆီ ဝင်လာတဲ့သူကို မောင်းထုတ်ဖို့ ဒီလိုလာမလုပ်နဲ့ လူထုကို စည်းရုံးပြီး ဒီလို လက်မခံဘူးဆိုတာ အဲဒါလုပ်တာပါ။ ကျန်တာ ဘာမှမဖြစ်ဘူး။ ပြည်သူလူထုရော အားလုံးအေးအေးဆေးဆေးပဲ”ဟု ဦးကြည်မြင့်က ပြောသည်။

ထို့အပြင် စစ်ကောင်စီက ၀တပ်ဖွဲ့(UWSA) ဌာနချုပ် ပန်ဆန်းဒေသသို့ သွားရောက်ပြီး လက်ရှိ ရှမ်းမြောက်တိုက်ပွဲများ နှင့်ပတ်သက်ပြီး အခြေအနေကို ဟန့်တားပေးရန် တောင်းဆိုခဲ့သည်ဟုလည်း ကြားသိရကြောင်း ရှမ်းသတင်းရင်းမြစ်က ပြောသည်။

” အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုးမကျဖို့ကိုလည်း တောင်းဆိုခဲ့တယ် ပြောပါတယ်။ ဒါနဲ့ ဆက်စပ်မှု ရှိမယ်လို့ ထင်ပါတယ်။ ဒီလိုတောင်းဆိုတာကလည်း အလုပ်မဖြစ်နိုင်ပါဘူး”ဟု သတင်းရင်းမြစ်က မိုင်းလားတပ်ဖွဲ့ မိုင်းယောင်းကို ဝင်ရောက်နေရာယူ ခြင်းအပေါ် သုံးသပ်ပြောကြားသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို တအာင်းတပ်မတော်(TNLA)က ဇွန်လ ၂၅ရက်တွင် မဟာမိတ်တပ်များနှင့်အတူ ဆင်နွှဲခဲ့ရာ ရှမ်းမြောက်ရှိ နောင်ချို၊ကျောက်မဲ၊ မိုးမိတ်၊ မန္တလေးတိုင်းရှိ မိုးကုတ်၊ မြို့နယ်များ၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စစ်ရှုံးလျက်ရှိသည်။

မြို့အဝင်ဆိုင်းဘုတ်အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ

ကိုးကန့်တပ်ဖွဲ့(MNDAA)သည်လည်း ဇူလိုင် ၃ရက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)စစ်တိုင်း တည်ရှိရာ လားရှိုးမြို့ကို ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ တတိယပတ်ကြာသည်အထိ နေ့စဉ် ပြင်းထန်လျက်ရှိပြီး တပ်ရင်းအချို့ကို သိမ်းပိုက်ထားကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချအညံ့ခံခဲ့ကြသည်။

ဇူလိုင်ဒုတိယပတ်တွင် လားရှိုးမြို့နှင့် ဆက်စပ်နေသည့် တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို TNLAက ထိုးစစ်ဆင်ခဲ့ရာရက်ပိုင်းအတွင်း၌ပင် ၀တပ်ဖွဲ့(UWSA) တပ်များ တန့်ယန်းမြို့ကို ဝင်ရောက်တပ်စွဲထိန်းချုပ်ခဲ့သည်။

ထို့နောက် SSPPကလည်း မိုင်းရယ်မြို့ကို အင်အားထောင်ချီ ဝင်ရောက်တပ်စွဲပြီး မြို့နယ်အတွင်း ဖြန့်ကျက်ထားသည်။

SSPPနှင့် UWSAတို့သည် ဒေသခံ ပြည်သူလူထု ၏ တောင်းဆိုချက်အရ ဝင်ရောက်နေရာယူခြင်းဖြစ်ကြောင်း အသိပေးခဲ့သည်။

ထို့ကြောင့် ဇူလိုင် ၁၀ရက်မှ ယနေ့အထိ နှစ် ပတ် အတွင်း၌ပင် ရှမ်းပြည်နယ်ရှိ တန့်ယန်းမြို့ကို UWSA တပ်ဖွဲ့၊ မိုင်းရယ်ကို SSPP တပ်ဖွဲ့၊ မိုင်းယောင်းကို NDAA တပ်ဖွဲ့တို့ ဝင်ရောက်နေရာယူ တပ်စွဲခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုင်းရင်းသားတပ်ဖွဲ့များ ဝင်ရောက်နေရာယူခြင်းသည် ယာယီမဖြစ်နိုင်ဘဲ ရှေရည်ဖြစ်နိုင်သည်ဟု ရှမ်းသတင်းရင်းမြစ်က သုံးသပ်သည်။

“နယ်မြေချဲ့တဲ့ သဘောတွေ့ပါတယ်။ ရေရှည်ဖြစ်နိုင်ပါတယ်။မြောက်ပိုင်း(ရှမ်းမြောက်ပိုင်း)မှာတော့ ထပ်ရှိလာနိုင်တဲ့ အခြေအနေရှိပါတယ်။တောင်ပိုင်းတော့ ငြိမ်နေတုန်းပါ”ဟု သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

‎မိုင်းလားတပ်ဖွဲ့(NDAA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်မန္တလေးတိုင်း(ပကဖ)တာဝန်ခံ ကိုဝဏ္ဏအောင် ကို မိုင်းလားလက်နက်ကိုင်အဖွဲ့( NDAA)က ဖမ်းဆီးပြီး စစ်တပ်ထံ အပ်လိုက်တယ်လို့ နီးစပ်သူအချို့က​ပြောပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းမှုတွင် အဓိကပါဝင်ခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ဒုသမ္မတဦးမြင့်ဆွေ သေဆုံးမှုအပေါ် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့(SSPP)နှင့် မိုင်းလားတပ်ဖွဲ့(NDAA) တို့က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။