Connect with us

Hi, what are you looking for?

သတင်း

တိုက်ခိုက်ခံရမှလက်နက်ချခြင်းထက် ကြိုတင်၍ တော်လှန်ရေးတပ်များနှင့် ပူးပေါင်းသင့်ဟု CDM အရာရှိများ တိုက်တွန်း

စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်မှ လက်နက်ချခြင်းထက် ကြိုတင်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းသင့်ကြောင်း CDMအရာရှိတို့က တိုက်တွန်းသည်။

CDM အရာရှိများဖြစ်သည့် ဗိုလ်မှူး တင်လင်းအောင်( ဒုတပ်ရင်းမှူး)နှင့် ဗိုလ်ကြီးထက်မြတ်တို့ စကားဝိုင်းဆွေးနွေးပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - File Photo

ဟန်နွေ/People’s Spring

စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်မှ လက်နက်ချခြင်းထက် ကြိုတင်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းသင့်ကြောင်း CDMအရာရှိတို့က တိုက်တွန်းသည်။

CDM အရာရှိများဖြစ်သည့် ဗိုလ်မှူး တင်လင်းအောင်( ဒုတပ်ရင်းမှူး)နှင့် ဗိုလ်ကြီးထက်မြတ်တို့ ပုံမှန်ပြုလုပ်ဖော်ပြလေ့ရှိသည့် စကားဝိုင်းဆွေးနွေးပွဲတွင် စစ်ကောင်စီ အရာရှိ ကတော် အချို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ထံ ဆက်သွယ်၍ လက်နက်ချလိုကြောင်း အသိပေးမှုများရှိနေကြောင်း ဆွေးနွေးခဲ့ရာ ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အရာရှိကတော်အချို့ အကောင့်တုဖြင့် မိတ်ဆက်ပြီး ၎င်းတို့ ယောက်ျားများ အတိုက်ခိုက်ခံရပါက လက်နက်ချရန်မှာထားကြောင်း ပြောကြားမှုရှိသည်ဟု ဗိုလ်မှူး တင်လင်းအောင်က ပြောသည်။

“အရာရှိ ကတော်တွေအကုန်လုံးက သူတို့ယောက်ျားတွေကို မှားထားတယ်တဲ့။ လာတိုက်ရင် အလံဖြူသာ ထောင်လိုက်တော့လို့ ပြောထားပြီတဲ့”ဟု ဗိုလ်မှူးတင်လင်းအောင်က ဆွေးနွေးသည်။

၎င်းတို့ရှိနေသည့် တပ်အခြေအနေ ၊ အင်အား တို့ကို ပြောကြားပြီး အကယ်၍ တိုက်ခိုက်မည်ဆိုပါက ကြိုအသိပေးရန် ပြောဆိုမှုများ ရှိသည်ဟုဆိုသည်။ ထို့ပြင် စစ်ကောင်စီ အရာရှိငယ် အချို့လည်း ဆက်သွယ်၍ ထိုသို့ တိုက်ခိုက်မည်ဆိုပါက ကြိုပြောရန် တောင်းဆိုမှုရှိကြောင်း ဗိုလ်မှူးတင်လင်းအောင်က ပြောသည်။

“သတင်းနှိုက်တာ လားဘာလားတော့ မသိဘူး။ ကိုယ်တွေကတော့ လုပ်မယ်ကိုင်မယ်ဆို ကြိုပြောစရာ အကြောင်းတော့မရှိဘူး။အဲဒီတော့ သေနတ်ဖောက်သံကြားပြီဆို စလုပ်ပြီလို့သာ တွက်ထားလိုက်လို့ အဲဒီလို ပြောလိုက်တယ်”ဟု ဗိုလ်မှူးတင်လင်းအောင်က ပြောသည်။

ဗိုလ်ကြီးထက်မြတ်ကလည်း လာတိုက်မှ အလံဖြူထောင်လက်နက်ချခြင်းထက် ကြိုတင်၍ ပူးပေါင်းလာရန်လိုအပ်ကြောင်း ဆွေးနွေးသည်။

“ကျနော်တို့ သွားတိုက်လိုက်မှ လက်နက်ချ အညံ့ခံတယ်ဆိုတာ အဲဒါ စစ်သုံ့ပန်းဖြစ်သွားမှာ။ အဲဒီထက် ပိုကောင်းတာတွေရှိတယ်။ ဆိုလိုတာက ကျနော်တို့ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဘယ်လိုဆောင်ရွက်လို့ရမလဲဆိုတဲ့ဟာမျိုး သူတို့ လုပ်ပေးရင် ပိုပြီးကောင်းတယ်”ဟု ဗိုလ်ကြီးထက်မြတ်က ပြောသည်။

ထိုသို့ ပူးပေါင်းလာပါက စစ်သုံ့ပမ်းအခြေအနေထက် တစ်ဆင့်မြင့်သည့် ကင်းလွတ်ခွင့်များ ရရှိမည်ဟုလည်း ပြောသည်။

“သူတို့အတွက်လည်းဒီဘက်မှာ ထားတဲ့အဆင့် တစ်ဆင့်မြင့်သွားမယ်။ ဆိုလိုတာက တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အကျိုးရှိစေမယ့်ဟာတွေကို ပူးပေါင်းပေးလို့ လုပ်ဆောင်ပေးလို့ သူတို့ကို ကင်းလွတ်ခွင့်တွေ ပေးတာမျိုးရှိလိမ့်မယ်”ဟု ဗိုလ်ကြီးထက်မြတ်က ပြောသည်။

စစ်ကောင်စီအရာရှိအချို့ကလည်း လာတိုက်ပါက ထွက်ပြေးမည်ဟု အောက်ခြေကို ကြိုတင် ပြောဆိုထားမှုများရှိသည်ဟု ဗိုလ်မှူးတင်လင်းအောင်ကပြောပြသည်။

“သူ့ဆီက ရဲမေတွေအိမ်ထောင်သည်အမျိုးသမီးတွေကိုလည်း မှာထားတယ်တဲ့။ ဖြစ်ပြီဆိုရင် ငါကတော့ ပြေးမှာ ။ငါ့ကိုပဲကြည့်နေ ငါပြေးပြီဆို နင်တို့လည်း ပြေးတော့ဆိုပြီးမှာထားတဲ့ တစ်ယောက်လည်းရှိတယ်။ အဲဒီလိုမျိုးပေါ့ တပ်တွင်းထဲမှာ တော့ တော်တော်ကြီးကို ဖရိုဖရဲဖြစ်နေပြီ”ဟု ဗိုလ်မှူးတင်လင်းအောင်က ပြောသည်။

လက်ရှိတွင် တပ်တွင်းဖြစ်ပျက်နေသည့် သတင်းအချက်အလက်များကို တော်လှန်ရေးတပ်ဖွဲ့များက ယခင်ထက်ပိုရလာသည်ဟုလည်း ပြောသည်။

အမှန်တကယ် တိုက်ခိုက်မှုများရှိလာပါက ပိုမိုဆိုးဝါးသည့် အခြေအနေမျိုးကြုံရမည်ဖြစ်၍ အမြန်ဆုံးအမြင်မှန်ရခြင်းမျိုးသာ ဖြစ်စေချင်သည်ဟုလည်း CDM အရာရှိတို့က ဆွေးနွေးသည်။

စစ်ကောင်စီတပ်ဖွဲ့များ လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များသည် ယတြာခြေ၍ မရနိုင်ဟုလည်း CDM အရာရှိတို့က လက်ရှိ စစ်ကောင်စီအရာရှိ ကတော်များ ယတြာများ လုပ်ဆောင်နေမှုအပေါ် ဆွေးနွေးသည်။

“အဲဒီလို လုပ်နေမယ့်အစား ကိုယ့်လင်ယောက်ျားကို တော်လှန်ရေးဘက်ကို ပူးပေါင်းဖို့ ၊ ပြည်သူ့ဘက်ကို ရပ်တည်ဖို့ကိုပဲ ပိုပြီးနားချသင့်တယ်။အခုအချိန်မှာ ငါတို့ ယောက်ျားတွေ မသေဖို့ မကျဖို့ ဒဏ်ရာရမဖို့ ဆိုတဲ့ ပုံစံမျိုးနဲ့ ဘုရားကို သွားပြီး နားပူနားဆာလုပ်နေမယ့်အစား တကယ်ကို အသက်မသေအောင် ရွေးချယ်လို့ရတယ်။ တော်လှန်ရေးဘက်ကို ပူးပေါင်းလိုက်ပေါ့နော်။ အဲဒီလို ပုံစံမျိုးတွေကိုပဲ ဖြစ်စေချင်တယ်။ အခု အမြဲတမ်း သူတို့က အဲဒီဟာကြီးကို စွဲနေတာ။ ယတြာတွေ ဗေဒင်တွေ အဆောင်လက်ဖွဲကတွေ ဆိုတာ စွဲနေတာ”ဟုလည်း ဗိုလ်ကြီးထက်မြတ်က ဆွေးနွေးသည်။

ယခုလပိုင်းများအတွင်း မတူပီမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများ၊ အာရက္ခတပ်တော်(AA)​၏ ရခိုင်ပြည်နယ် မြို့သိမ်းတိုက်ပွဲများအတွင်း ဖမ်းမိသော စစ်ကောင်စီတပ်သားများနှင့် ၁၀၂၇စစ်ဆင်ရေးအပိုင်း(၂) အတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း ရာနှင့်ချီ ဖမ်းမိထားသည်။

(CDM အရာရှိများဖြစ်သည့် ဗိုလ်မှူး တင်လင်းအောင်( ဒုတပ်ရင်းမှူး)နှင့် ဗိုလ်ကြီးထက်မြတ်တို့ စကားဝိုင်းဆွေးနွေးပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ – File Photo)

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။