ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းချရာ ဝက်ပုတ်ရွာပျူစောထီးစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။
မြိုင်မြို့နယ်ရှိ ဝက်ပုတ်ပျူစောထီးစခန်းကို ဩဂုတ် ၅ရက်ကစတင်၍ မြိုင်ပကဖနှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း ထိုးစစ် ဆင်တိုက်ခိုက်ခဲ့သည်။
စခန်းရှိ စစ်အုပ်စုအား လက်နက်ချအညံ့ခံရန် တောင်းဆိုခဲ့သော်လည်း အညံ့မခံသဖြင့် ဆက်လက်ထိုးစစ်ဆင်တိုက်ခဲ့ပြီး လေကြောင်းပစ်ကူ ၊ မြေပြင်စစ်ကူများကို ဖြတ်တောက် တားဆီးနိုင်ခဲ့ရာ ဩဂုတ် ၈ရက် နံနက်တွင် ဝက်ပုတ်ပျူစောထီးစခန်းအား အပြီးတိုင် သိမ်းပိုက်ရရှိခဲ့ကြောင်း မြိုင်ပကဖက အသိပေးသည်။
” သူတို့ကို လက်နက်ချဖို့တိုက်တွန်းတယ်။ သူတို့ကမလုပ်တာ။ ဘာမှမလုပ်ဘူး လက်နက်သာချ။ ကျွန်တော်တို့က ဘယ်လောက်ထိပြောလဲဆို အဲလက်နက်တွေယူကိုမယူချင်ဘူး။ စစ်ကောင်စီပြန်ပေးလိုက်။ ကျွန်တော်တို့နဲ့လာပေါင်း။ အသက်ချမ်းသာပေးမယ်ပြောတာကိုမရဘူး။”ဟု မြိုင်ပကဖမှ ရဲဘော်တစ်ဦးက ပြောသည်။
ဝက်ပုတ်ကျေးရွာမှ ပြည်သူ ၂၀ခန့်ကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ဝက်ပုတ်ရွာအတွင်းရှိ မပေါက်ကွဲသေးသောလက်နက်ကြီးအကြွင်းအကျန်များ၊ စစ်အုပ်စုထောင်ခဲ့သော မိုင်းများအား ရှင်းလင်းပေးနေကြောင်း မြိုင်ပကဖတာဝန်ရှိသူ ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း ရဲဘော် ၂ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ထက်ဦးမနည်း သေဆုံပြီး ၂၀ခန့် ဒဏ်ရာရကြောင်း၊ ၎င်းတို့သည် စက်မှု နှစ်စခန်းသို့ ဆုတ်ခွာသွားကြောင်း သိရသည်။
ဝက်ပုတ်ကျေးရွာစခန်းမှ MA4 တစ်လက်၊ ကာဘိုင် တစ်လက် ၊ G3 နှစ်လက် ၊ G4 တစ်လက် ၊ M16 တစ်လက် အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို မြိုင်ပကဖ ၊ ပကဖတပ်ပေါင်းစု အမှတ်(၁) တပ်ရင်း ၊ ပခုက္ကူခရိုင် အမှတ် ( ၁၊၂၊၆၊၇၊၁၀၊၁၄ ၁၅၊၁၇) ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်) ၊ ပေါက်ပကဖ ၊ ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး ၊ BLY ပျောက်ကြားတပ်ဖွဲ့ ၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ့ ၊ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့ နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ ၊ ပြည်သူလူထုများက ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ် လေကြောင်းမှ ၁၂ကြိမ်တိုင် ပစ်ကူခဲ့သော်လည်း ရဲဘော်များ ထိခိုက်မှု မရှိကြောင်း၊ သို့သော် ပြည်သူများစစ်ရှောင်နေသော ပေါက်မြို့နယ်ရွာသစ်စုကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြောင်းမဲ့ဗုံးကျဲခဲ့သဖြင့် ဘုန်းကြီး ၁ပါး ပျံလွန်တော်မူခဲ့ပြီး ပြည်သူ ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖအဖွဲ့က ထပ်မံအသိပေးသည်။
ဆက်လက်ပြီး မြိုင်မြို့နယ်နှင့် ပခုက္ကူခရိုင်တွင်းရှိ အညံ့မခံသေးသော စကစအထိုင်စခန်းများ ပျူစခန်းများကို ဆက်လက်ထိုးစစ်ဆင်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် စစ်ရေးသတင်းကို နားစွင့်ပြီး ဗုံးခိုကျင်းများတူးထားရန် မြိုင်ပကဖအဖွဲ့က မေတ္တာရပ်ခံထားသည်။
မြိုင်မြို့နယ်ရှိ ကိုင်းတောမရဲစခန်းကိုလည်း ၃ ရက်ကြာတိုက်ခိုက်ပြီးနောက် သြဂုတ် ၆ရက်တွင် PDFများက သိမ်းပိုက်ထားပြီဖြစ်သည်။