ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှ ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင်စစ်ကောင်စီစခန်းများကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သီပေါထောင်လည်း ပွင့်သွားပြီဟု ကနဦးသတင်းရရှိသည်။
သီပေါမြို့တွင် ယနေ့ နံနက်အစောပိုင်းမှာစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် မဟာမိတ်တပ်များက စစ်ကောင်စီစခန်းများကိုတိုက်ခိုက်ခြင်းဟု မြို့ခံအချို့ကပြောသည်။
“သီပေါထောင်ပါ ပွင့်သွားပြီဗျ။ အကျဉ်းသားတွေကို မဟာမိတ်က လွှတ်ပေးနေတယ်။ ရဲစခန်း၊ထွေအုပ်ရုံးတွေရပြီလို့လည်းကြားတယ်။ လေကြောင်းကြောက်လို့ အပြင်မထွက်ရဲလို့ တိတိကျကျမသိရသေးပါဘူး” ဟု ဒေသခံတဦးကပြောသည်။ သီပေါထောင်ပွင့် သည်ဆိုသောသတင်းကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထွက်ပြေးနေပြီး မဟာမိတ်တပ်ဖွဲ့များက လိုက်လံတိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီကလည်း သီပေါမြို့နယ်ပတ်ဝန်းကျင်ကျေးရွာအချို့ကို လေကြောင်းမှတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
တော်လှန်ရေးတပ်ဖွဲ့များသည်သီပေါမြို့ရှိ တောင်ခမ်းအမြောက်တပ်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။
တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်၍ အရပ်သားတစ်ဦးသေဆုံးကြောင်း သတင်းရရှိထားသည်။ ဒေသခံအများအပြားသည် နေအိမ်များနှင့် ဘုန်းကြီးကျောင်းအချို့၌ခိုလှုံနေကြကြောင်းသိရသည်။
သီပေါမြို့ရှိ နောင်တော်၊ယာပြင်၊မဲပုတ်ကျေးရွာတို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်းသတင်းရရှိသည်။
သီပေါမြို့သည် ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့်လားရှိုးမြို့ နှင့် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကြား၌တည်ရှိသည်။
ယနေ့ (သြဂုတ် ၁၀ ရက်) နေ့လယ်ပိုင်းတွင် သီပေါမြို့ပေါ်၌ တိုက်ပွဲပြန်လည်ငြိမ်သက်နေပြီး ရွာအချို့၌ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံအချို့ကပြောသည်။