ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က မိုးမောက်မြို့ ခမရ(၄၃၇) တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စခန်းမှ ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ခမရ(၄၃၇)တပ်စခန်းကို KIAက ဩဂုတ် ၁၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ် အထိအခိုက်အကျအဆုံးများစွာရှိခဲ့ပြီး စကခ(၂၁) ဒုစကခမှူး နှင့် အဖွဲ့သည် ဆုတ်ခွာထွက်ပြေးသွားခြင်းဖြစ်သည်ဟုဆိုသည်။
ထိုသို့ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်သားများကို KIAက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းများက မိုးမောက် – ဗန်းမော်လမ်းပိုင်း (၆)မိုင်နှင့် (၅)မိုင် အကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က “ကြားဖြတ်တိုက်ခိုက်မှုတော့ရှိတယ်။ ဒါပေမဲ့ နောက်ဆုံးသတင်းအရဆိုရင် စကခ(၂၁)ထဲ ပြန်ရောက်နေပြီလို့ ခန့်မှန်းလို့ရတယ်။”ဟု ပြောသည်။
အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အပါအဝင် ဗန်းမော်မြို့ ရှိ စစ်ကောင်စီတပ် လုံခြုံရေး အတွက် အရေးပါသည့် ခမရ(၄၃၇) တပ်ရင်းဌာနချုပ် မကျရေးအတွက် စစ်ကောင်စီက အင်အား ၅၀၀ခန့်ဖြင့် ခုခံခဲ့ခြင်းဖြစ်သော်လည်း တစ်လနီးပါးကြာတိုက်ပွဲအတွင်း သေဆုံးထိခိုက်များစွာဖြင့် စခန်းစွန့်လွှတ်ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။