မိထက်/People’s Spring
သံတွဲမြို့နယ်မှ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့်မောင်ရွှေလေး ရေတပ်စခန်းနှင့် ဂွမြို့နယ်မှစစ် စခန်းများကို အာရက္ခတပ်တော်(AA) ကထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်းသတင်းရရှိသည်။
သံတွဲမြို့နယ်မှ စစ်ကောင်စီ တပ်ရင်းများအားလုံး၊ ငပလီ (မဇင်)လေဆိပ် ၊ သံတွဲဟိုတယ်ဇုန် အပါအဝင်နေရာအများစု ဇူလိုင် ၁၆ ရက်ကတည်းကအပြီးသတ်သိမ်းပိုက်ထားပြီဖြစ်သော်လည်း မောင်ရွှေလေး ရေတပ်စခန်းကျန်နေသေးသဖြင့် AAက ယခုရက်ပိုင်း၌ နောက်တကြိမ်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဟု ဒေသခံအချို့ကပြောသည်။
“ရေတပ်ကို စစ်တပ်က အင်အားတော်တော်လေးကိုပို့ထားတယ်။ တပ်တော်(AA)ကတော့ သူ့ဗျူဟာအတိုင်းသွားနေတယ်။ ဒီရက်ထဲမှာတော့ အရင်ကထက်ပိုပြီးတိုက်ပွဲပြင်းထန်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
မောင်ရွှေလေး ရေတပ်စခန်း နှင့် ဘဂ်လားပင်လယ်အော်ရှိ စစ်တပ် သဘော်များပေါ်မှလက်နက်ကြီးများဖြင့် ဆုံးရှုံးထားသော စခန်း နှင့် တပ်ရင်းများကို ပသ်ခတ်နေသဖြင့် မြောက်ဘက်တွင် တောင်ကုတ်မြို့ နယ် တောင်ဘက်တွင် ဂွမြို့ရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မည်ဟု AA က သြဂုတ် ၁ ရက်တွင် ကြေညာခဲ့သည်။ထိုသို့ကြေညာပြီး ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
တချိန်တည်းတွင် သံတွနှင့် မိုင်၄၀ခန့်အကွာရှိ ဧရာဝတီတိုင်းနှင့်နယ်စပ်မြို့ဖြစ်သော ဂွမြို့နယ်မှစစ်ကောင်စီတပ်စခန်းများကိုလည်း AAကထိုးစစ်ဆင် တိုက်ခိုက်နေသည်။ ကျိန္တလီမြို့ ရှိ စစ်တပ်စခန်းများကို AAကတိုက်ခိုက် သိမ်းပိုက်ပြီးဖြစ်သည်။
“ဂွမှာ စစ်တပ်က အမြောက်တပ်ဆင်ပြီး ခံစစ်ကိုအသေအချာလုပ်နေတာ။ မြို့စွန်ကတပ်တွေကို AAက စတိုက်နေပါပြီ။ မြို့ထဲမှာတော့ လက်ရှိအချိန်အထိအေးအေးဆေးဆေးရှိပါတယ်” ဟု ဒေသခံတဦးကပြောသည်။
ဂွမြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံများသည် ဧရာဝတီတိုင်းဘက်သို့ တိမ်းရှောင်ခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများကို ပုသိမ်မြို့ရှိ ကျန်းမာရေးဝန်ထမ်းလိုင်းခန်းများနှင့် ဟင်္သာတမြို့မြို့ရှိ ဘေးစီမံကျောင်းအဆောက်အအုံ၌ စစ်ကောင်စီက နေရာချထားပေးကြောင်းစုံစမ်းသိရသည်။
တိုက်ပွဲများပြင်းထန်နေစဉ် စစ်ကောင်စီက သံတွဲမြို့နှင့်တစ်ဆက်တည်းရှိသည့် တောင်ကုတ်မြို့ရှိ တက္ကသိုလ်တွင် တပ်စွဲထားပြီး အမြောက်တပ်ဆင်ထားကြောင်း သတင်းရရှိသည်။ ထို့အပြင် တောင်ကုတ်မြို့ မီးချောင်းထိုးကျေးရွာကိုဩဂုတ်လ ၂၂ ရက် မွန်းလွဲ နေ့လယ် ၂ နာရီခန့်တွင် စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။
ရခိုင်ပြည်နယ်တောင်ပိုင်းမှ တောင်ကုတ်၊ သံတွဲ၊ ကျိန္တလီ၊ ဂွမြို့နယ်တို့သည် ဧရာဝတီတိုင်းဘက်သို့ ထွက်ရာ၌ အစဉ်လိုက်ရှိပြီး ကျိန္တလီမြို့မှ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့်သြဂုတ်လလယ်တွင် AAက တိုက်ခိုက်သိမ်းယူထားသည်။
ဧရာဝတီတိုင်းအတွင်းသို့ တိုက်ပွဲများကူးစက်လာမည်ကို စိုးရိမ်နေသည့်စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်စပ်နှင့်ထိစပ်နေသော ငါးသိုင်းချောင်းမြို့၊ ရေကြည်မြို့၊ မြန်အောင်နှင့်ကြံခင်းမြို့တို့အပြင် ခရိုင်မြို့များဖြစ်သည့် ပုသိမ်နှင့် ဟင်္သာတမြို့တို့၌လည်း လုံခြုံရေးတင်းကျပ်ထားသည်။