Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်နှင့် နွားထိုးကြီးတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြည်သူနှစ်ဦးသေဆုံး၊ကလေး ၃ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ပျက်စီးပြီး သက်ကြီးဇနီးမောင်နှံ ၂ ဦးသေဆုံးကာ ကလေး ၃ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ငါန်းမြာနှင့် လက်ဝဲမြင်းနီရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းများပျက်စီးခဲ့စဥ်။ ဓါတ်ပုံ-ရွှေညာမြေ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ပျက်စီးပြီး သက်ကြီးဇနီးမောင်နှံ ၂ ဦးသေဆုံးကာ ကလေး ၃ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ ဩဂုတ် ၂၇ ရက် နေ့လယ် ၁ နာရီ ၁၀ မိနစ်ခန့်က ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် (၇၀)ခန့်အရွယ် ဦးအောင် သိန်းနှင့် ဒေါ်မြ ဇနီးမောင်နှံသေဆုံးခဲ့ပြီး အသက် (၂၅)နှစ်အရွယ် မဝေဝေလွင်နှင့် (၁၁)နှစ်အရွယ် မစကားဝါတို့ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃လုံး ၊ စာသင်ကျောင်းဆောင် ပျက်စီးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားတာမရှိဘူး။ ငါန်းမြာစခန်းက သိမ်းပြီးကတည်းက တိုက်ပွဲဆက်ဖြစ်တာမရှိဘူး။”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOMမှ ကိုနွေဦး(မြောင်)က ပြောသည်။

ငါန်းမြာကြီးစခန်းအား ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်က ပြည်သူ့ကာကွယ်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အလားတူ ယနေ့ နေ့လယ် ၁ နာရီ မိနစ် ၂၀ခန့်က နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီရွာရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးနှစ်ကြိမ်ချ တိုက်ခိုက်ခဲ့ရာ (၅)နှစ်နှင့် (၁၀)နှစ်အရွယ် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကလေးနှစ်ယောက်ထဲက တစ်ယောက်က ခြေထောက်တစ်ဖက်က လုံး​ဝပြတ်သွားတယ်။ နောက်တစ်ဖက်က အရိုးထိသွားတယ်။ ဖြတ်ရမလား စတီးရိုးထည့်ရမလား မသိဘူး။ နောက်တစ်ယောက်က ခြေလက်အင်္ဂါတော့မဆုံးရှုံးဘူး။ တော်တော်လေးတော့ထိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဘုန်းကြီးကျောင်းဆောင်ပျက်စီးသွားကြောင်း သိရသည်။

လက်ဝဲမြင်းနီရွာသည် သြဂုတ် ၂၁ရက် နေ့လယ်ပိုင်းကလည်း စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းပျက်စီးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျေးရွာအတွင်းပြည်သူများ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၂၀ ရက် နေ့လယ်ပိုင်းကလည်း လက်ဝဲမြင်းနီရွာအနီး ကွမ်းအုံရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူသုံးဦးသေဆုံးပြီးဘုန်းကြီးတစ်ပါး အပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ယမန်နေ့ သြဂုတ် ၂၆ ရက်ညက တောင်သာမြို့နယ်၊ ကျွဲတလင်းပျူရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီးဘုန်းကြီးကျောင်းနှင့် စေတီပုထိုးများ၊ စာသင်ကျောင်းနှင့် နေအိမ်အဆောက်အအုံများ ပါထိခိုက်ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း စစ်တပ်သည် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု နေရာဆယ်နေရာထက်မနည်း ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။